မင်းဘူး ဒီဇင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ကန်းနီဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်းမှ ၂၀၂၅-၂၀၂၆ မိုးသီးနှံ စိုက်ပျိုးရာသီတွင် သီးနှံစုံ ၇၅၇ ဧက စိုက်ပျိုးအောင်မြင်ခဲ့သော်လည်း မိုးစပါး ဧက ၁၃၀ ဆက်လက် ရေပေးဝေထားရကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ် ကန်းနီဆိုလာလျှပ်စစ် မြစ်ရေတင်စီမံကိန်း ဧရိယာအတွင်း မိုးစပါး ဧက ၄၃၀ ဧက စိုက်ပျိုးထားသော်လည်း နွေစပါးနှင့်၊ နွေနှမ်းများစိုက်ပျိုး၍ နောက်ကျသော မိုးစပါး ၁၃၀ ဧကအတွက် အောင်ရေလိုနေသဖြင့် ဆက်လက် တင်ပေးထားရကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မြို့နယ်တာဝန်ခံအရာရှိ ဦးစိုးညွန့်လင်းက ပြောသည်။
ကန်းနီရေတင်စီမံကိန်း ဧရိယာအတွင်း စိုက်ပျိုးရေများ စဉ်ဆက်မပြတ် ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်၍ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဆိုလာစနစ်ဖြင့် ဆိုလာ (၂၁၃) ကီလိုဝပ် ဆိုလာဓာတ်အားပေးစနစ် တွဲဖက်တပ်ဆင်၍ ရာသီအလိုက် သီးနှံစိုက်ပျိုးချိန်များတွင် စိုက်ပျိုးရေများ ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးသီးနှံ စိုက်ပျိုးရာသီတွင် ကမ်းနီဆိုလာ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း စီမံကိန်းဧရိယာ၌ အကျိုးပြုစိစစ်ဧရိယာ ဧကပေါင်း ၇၅၇ ဧက ရှိသည့်အနက် ယနေ့အထိ မိုးစပါးကို ရေသောက်စနစ်ဖြင့် ပေးဝေ၍မရသော ကုန်းမြင့်ယာမြေများတွင် မိုဘိုင်းဆိုလာဖြင့် စိုက်ပျိုးရေပေးဝေကာ မိုးစပါးဧက ၄၃၀ ဧက စိုက်ပျိုးထားသည့်အပြင် အခြားသီးနှံများဖြစ်သော နှမ်းဧက ၁၉၀၊ မြေပဲ ၅၇ ဧက၊ ပဲစင်းငုံ ၂၇ ဧကနှင့် ပဲတီစိမ်း ၅၃ ဧကတို့ကို စိုက်ပျိုးနိုင်ခဲ့ပြီး၊ နောက်ကျသည့် မိုးစပါး ၁၃၀ ဧကအတွက် စိုက်ပျိုးရေများ လိုအပ်နေသဖြင့် ဆက်လက်ဖြန့်ဝေပေးလျက်ရှိကြောင်း မင်းဘူးမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်) ရုံးမှ သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)