ဝက်လက် ဇန်နဝါရီ ၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်နှင့် (၁၂)မိုင် ကွာဝေးသော ရွှေပန်းကုံးကျေးရွာတွင် ဘရာဇီး ငှက်ပျောခြံများ စိုက်ပျိုးကာ မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဘရာဇီး ငှက်ပျောခြံ စတင်စိုက်ပျိုးတော့မည်ဆိုလျှင် မြေကို ထယ်ရေးညက်အောင်ထွန်ရပြီး ငှက်ပျောသားတက် တစ်တက် ကို (၃၅၀) ကျပ်ဖြင့် ဝယ်ယူကာ တစ်ပင်နှင့် တစ်ပင် ၇ တောင်ခြားပြီး စိုက်ပျိုးရကြောင်း၊ တစ်ဧကလျှင် ငှက်ပျောပင် (၃၀၀) ကျော်ခန့် စိုက်ပျိုးနိုင်ပြီး၊ စိုက်ပြီး(၈)လခန့်ကြာလျှင် ငှက်ပျောအဖူး စတင်ထွက်လာပြီး (၁၀) လခန့်ကြာလျှင် ငှက်ပျောအခိုင်ကို ခုတ်ရကြောင်း၊ ငှက်ပျောတစ်ဖီးလျှင် ငွေကျပ် (၅၀၀) မှ (၆၀၀)ကျပ်၊ (၇၀၀) ကျပ်ထိ အမျိုးမျိုး ရောင်းချနိုင်ကြောင်း၊ တစ်နှစ်လျှင် ငှက်ပျော( ၃ ) ကြိမ် ခုတ်ရကြောင်း၊ ငှက်ပျောခြံအား မိုးရာသီတွင် မိုးရွာသွန်းမှုကို ကြည့်၍ ရေသွင်းရပြီး၊ နွေရာသီတွင် (၃) ကြိမ်၊ ဆောင်းရာသီတွင် (၂) ကြိမ် ရေသွင်းပေးရကြောင်း၊ ငှက်ပျောသီးများကို ဝက်လက်မြို့၊ မန္တလေးမြို့တို့မှ ခြံထဲထိ ကားဖြင့် လာရောက်ဝယ်ယူကာ၊ ငှက်ပျောတစ်ဧက စိုက်ပျိုး ထားလျှင် မိသားစု စားဝတ်နေရေး အတွက် တစ်နှစ် ကျပ်သိန်း (၂၀) ခန့် ဝင်ငွေရရှိကြောင်း၊ ဘရာဇီး ငှက်ပြောခြံ စိုက်ပျိုးထားသူ ဝက်လက်မြို့နယ်ရွှေပန်းကုံးကျေးရွာမှဦးမျိုးနိုင်ဦး၏ပြောကြားချက်အရသိရှိရသည်။
စိုးစိုးလှိုင် (ဝက်လက်)