မုံရွာ ဒီဇင်ဘာ ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ပေါ်ရှိ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ ချစ်ကြည်ရင်းနှီးမှုများရရှိနိုင်စေရန်အတွက်၂၀၂၅-ခုနှစ်၊ ဒီဇင်ဘာအားကစားလ လူထုလှုပ်ရှားမှုအထိမ်းအမှတ် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားဝန်ကြီးဌာနပေါင်းစုံနှင့် တက္ကသိုလ်/ဒီဂရီကောလိပ်ပေါင်းစုံ စက်ဘီးစီးအားကစားပြိုင်ပွဲကို ဒီဇင်ဘာလ ၁၄ ရက် နံနက်ပိုင်းတွင် မုံရွာမြို့၊ အရှေ့ဘက်ကန်သာယာကန်ရှိ ပြည်ထောင်စုရင်ပြင်တွင် ကျင်းပရာ စက်ဘီးစီးပြိုင်ပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နေပြည်သူများ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ကြသည်။
ဦးစွာ အဆိုပါမုခ်ဦးရှေ့တွင် အမျိုးသား၊အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲအား တာထွက်အချက်ပြကာ ဖွင့်လှစ်ပေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကာ စက်ဘီးစီးပြိုင်ပွဲဝင် အားကစားသမားများက အရှေ့ဘက်ကန်သာယာကန် တစ်ပတ်နှင့် အနောက်ဘက်ကန်သာယာကန်တတစ်ပတ်ယှဉ်ပြိုင်ခဲ့ကြပြီး တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ကျောင်းသား၊ ကျောင်းသူများ စက်ဘီးစီးပြိုင်ပွဲဝင် အားကစားသမားများ ပန်းဝင်လာမှုတို့အား တစ်ပျော် တစ်ပါး ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည်မုံရွာမြို့ ဂေါက်ကွင်းတွင် ကျင်းပပြုလုပ်သည့် ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်လာကြသည့် ဂေါက်သီးရိုက်အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅-ခုနှစ်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ ဂေါက်သီးရိုက်ပြိုင်ပွဲအား စမုတ်ဘောရိုက်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဝန်ကြီးဌာနပေါင်းစုံမှ ဂေါက်သီးရိုက်ပြိုင်ပွဲဝင် အားကစားသမားများက သတ်မှတ်တာထွက်နေရာများမှစတင်၍ ပြိုင်ပွဲအားစတင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)