ဂန့်ဂေါ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့ ကုတင်(၁၀၀)ဆံ့ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ သည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာတစ်ဦးသည် ဆေးရုံဆင်း သတ်မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယနေ့ နံနက် ၁၀ နာရီ အချိန်ခန့်က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆေးရုံမှဆင်းခွင့်ရရှိသူမှာ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် RDT ဖြင့် စစ်ဆေးချက်အရ ဂန့်ဂေါမြို့ ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးရုံတက်ရောက်နေသော ပိုးတွေ့လူနာ(ID:117310)ဖြစ်ပြီး ကျန်းမာရေး ကောင်းမွန်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့ပြီး ဆေးရုံဆင်းပြီးနောက် လိုက်နာရမည့် အချက်များနှင့် ပတ်သက်၍ တိကျစွာ လိုက်နာစေရန် မှာကြားခဲ့ကာ အိမ်တိုင်ရာ ရောက် လိုက်လံပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် အတည်ပြုလူနာ ဖြစ်ပွား သူ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ (၆၀)ဦး၊ ရောဂါပျောက်ကင်း၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ (၅၈)ဦး၊ ဂန့်ဂေါဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ(၁)ဦးနှင့် မင်းရွာတိုက်နယ် ဆေးရုံတွင် ဆေးကုသမှု ခံယူနေသူ(၁)ဦးရှိကြောင်း ဂန့်ဂေါခရိုင် ကျန်းမာရေးဦးစီး ဌာနမှ သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)