ဖြူးမြို့နယ်၌ သက်နုမိုးစိုက်ကြံပျိုးခင်း ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ကြံစိုက် တောင်သူများအား ပညာပေးဆွေးနွေး

ဖြူး ဒီဇင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း ကြံစိုက်ပျိုးမှု ဧကပြည့်မီပြီး ကြံတန်ချိန်အထွက်​နှုန်း ကောင်းရေးအတွက်ရည်ရွယ်၍ စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲ၊ ကြံသီးနှံသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံ(ညောင်ပင်သာ)တွင် ယနေ့မွန်းလွဲပိုင်းက ကြံစိုက် တောင်သူများအား သက်နုမိုးစိုက်ကြံပျိုးခင်းဆောင်ရွက်ခြင်း ပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ပညာပေးဆွေးနွေးပွဲတွင် သကြားထွက်သီးနှံဌာနခွဲ(ရုံးချုပ်)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာစိုးက သက်နုမိုးကြံပျိုးခင်းဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် အားသာချက်၊ အားနည်းချက်များကို ပညာပေးဆွေးနွေးပြီး ညောင်ပင်သာကြံသုတေသန တာဝန်ခံ ဦးကျော်အောင်က ဒေသအတွင်း ကြံစိုက်ပျိုးမှု အခြေအနေမျာကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ တက်ရောက်လာကြသော ဖြူးမြို့နယ်အတွင်း ကြံစိုက်တောင်သူများ၊ ကြံသုတေသနခြံဝန်ထမ်းများက သိလိုသည့်အချက်များအား ပြန်လည်မေးမြန်း ဆွေးနွေးကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)