ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်ပနိုင်ရေး လုပ်ငန်းညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်း ပြုလုပ်

ဇီးကုန်း ဒီဇင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲနှင့် မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များလုပ်ငန်းလမ်းညွှန်ညှိနှိုင်းခြင်းနှင့် စက်ကိုင်မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၉ နာရီခွဲက မြို့နယ်ခန်းမတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ရွှေက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ဇီးကုန်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးသက်အောင်က မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်မည့်သူများ၏ ပေါင်းစပ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများ၏ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၏ မွမ်းမံသင်တန်းအား ပို့ချခဲ့ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်စုစုနှင်းက မဲရုံမှူး၊ ဒုတိယမဲရုံမှူး၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊  မဲပေးစက်တည်ဆောက်ပုံနည်းလမ်းများ၊ စက်တပ်ဆင်ပုံ၊ စမ်းသပ်မဲပေးပုံ၊ ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံ၊ မဲရလဒ်ရေတွက်ပုံ၊ နည်းဥပဒေပါအတိုင်း မဲရလဒ်စာရင်းပြုစုပုံ၊ မဲပေးစက်အား ပြန်လည်ထုပ်ပိုးသိမ်းဆည်းပုံနှင့် ရွေးကောက်ပွဲဆိုင်ရာ သိသင့်သိထိုက်မှုများကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသား/ သင်တန်းသူ (၅၀၀) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)