ကော့ကရိတ်မြို့၌ ဒေါနခန်းမဆောက်လုပ်ရန် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ကော့ကရိတ် ဇန်နဝါရီ  ၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကရင်ပြည်နယ် စီမံကိန်းဘဏ္ဍာရေးနှင့် စည်ပင် သာယာရေး ဝန်ကြီးဌာန ကော့ကရိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် ဒေါနခန်းမ ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်၈ နာရီအချိန်က အမှတ်(၃)ရပ်ကွက်၊ ပန်းခြံလမ်းတွင် ကျင်းပခဲ့သည်။

အဆိုပါ ပန္နက်တင်မင်္ဂလာအခမ်းအနားသို့  ကရင်ပြည်နယ် လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်လူဝန်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကော့ကရိတ်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောဘီစံသိန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောဥက္ကာထူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရဦးမြင့်သူ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လုပ်ငန်းတည်ဆောက်မည့် သတ်မှတ်နေရာအား ပန္နက်တိုင်ရိုက်ခြင်းနှင့် အမွှေးနံ့သာများ ပက်ဖျန်းပေးခဲ့ပြီး ကောင်းမြတ်အောင်ကျော် ကုမ္ပဏီမှ တာဝန်ခံ အင်ဂျင်နီယာ ဦးမိုးကျော်က ဆောက်လုပ်မည့် အဆောက်အဦးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ရှင်းလင်းပြောကြား ခဲ့သည်။ ယခုဆောက်လုပ်မည့်‌ ဒေါနခန်းမသည် Steel Structure (၁)ထပ်(၁၅၀'×၇၁'×၁၇')ဖြစ်ပြီး ကောင်းမြတ် အောင်ကျော်ကုမ္ပဏီက (၂၂၆.၇၀) ကျပ်သန်းဖြင့် အကောင်အထည်‌​ဖော်​ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်/ဆက်)