တွံတေး ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ် ပေါ် စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တပ်ဆင်ခြင်းရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်ခြင်းကို တွံတေးစည်ပင်သာယာမြို့မစျေးကြီးနှင့် ဗောင်းတော်ချုပ်ဘုရားလမ်းဆုံတို့၌ ယနေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက် ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာရာတွင်လည်းကောင်း၊ စျေးရောင်း၊ စျေးဝယ်ပြုရာတွင်လည်းကောင်း Mask တပ်ဆင်ခြင်း၊ Social Distancing နှင့်အညီ နေထိုင်သွားလာရန် ညွှန်ကြားထားရှိသော်လည်း တွံတေးမြို့နယ် အတွင်းရှိ ရပ်ကွက်များ၊ စျေးများ၊ လမ်းသွား လမ်းလာများ၊ စျေးများတွင် အချို့ Mask မတပ်ခြင်းရှိသူများအား ဒဏ်ကြေးငွေ(၁၅၀) ကျပ် Mask တန်ဘိုး ၅၀ ကျပ် နှစ်ခုပေါင်း(၂၀၀)ကျပ် သတ်မှတ်ကောက်ခံလျက် Mask ဖြန့်ဝေ တပ်ဆင်စေရေး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက နေ့စဉ်ဆောင်ရွက်လျက်ရှိရာ စစ်ဆေးဆောင်ရွက်နေစဉ်အတွင်း ကျား(၂၅)ဦး၊ မ(၅)ဦးကို ဒဏ်ကြေးငွေရိုက်ခြင်း နှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရကြောင်း သိရသည်။
Mask များ ဖြန့်ဝေရာတွင် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရီးသွားပြည်သူများ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ် သည့် နေရာများတွင် Mask ယူဆောင်အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာ ပြည်သူများ Mask တပ်ဆင်ခြင်းမရှိသူများအား Mask များ ဝယ်ယူ တပ်ဆင်စေခြင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာ ပေး ခြင်းများဖြင့် အရှိန်အဟုန်မြှင့် ပညာပေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)