ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မွေးကင်းစကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးခြင်းဆောင်ရွက်

ဆိပ်ကြီးခနောင်တို ဇန်နဝါရီ ၁

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအရွယ် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ပုံမှန်ကာကွယ်ဆေး ထိုးနှံ၊ တိုက်ကျွေးပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ စ၍ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဒေသန္တရဆေးပေးခန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် သူနာပြုဆရာမကြီး ဒေါ်ခင်ပပလွင် ဦးဆောင်၍ သူနာပြုဆရာမများနှင့် ကျန်းမာရေး ဝန်ထမ်းများက ကလေးငယ်များအား  ပေါင်ချိန်ခြင်း၊ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ (ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊  မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါး (ဘီ)၊ ဦးနှောက်အမှေးရောင် ရောဂါ) စသည့် ငါးမျိုးစပ်ကာကွယ်ဆေး ထိုးနှံပေးခြင်း၊ ပိုလီယိုအစက်ချဆေး တိုက်ကျွေးခြင်းတို့အပြင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစစ်ဆေး ပေးခြင်းနှင့် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝေယံ (ဆိပ်ကြီးခနောင်တို)