ကျောက်တန်း ဇန်နဝါရီ ၁
စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်တန်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ကျောက်တန်းမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေ အနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ တာဝန်ရှိသူများသည် ကန်ပြောင်ကျေးရွာ၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့် စက်ရေတွင်းတူးဖော်နေမှုနှင့် အမြင့်တင်ရေစင်တည်ဆောက်ရန် မြေပြင်အခြေအနေအား ကွင်းဆင်းကြည့်ရှုပြီး တာဝန်ယူတည်ဆောက်မည့် ဘရူနိုမား(စ်)ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ကျေးရွာမှ ကော်မတီဝင်များနှင့် တွေ့ဆုံကာ စံချိန်စံညွှန်းပြည့်မီရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းရေးတို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
“ကျွန်တော်တို့ရွာ နွေရာသီမှာ ရေရှားပါးမှုအတွက် စိတ်အေးရပြီဖြစ်သလို ရေကိုအိမ်အရောက် ပိုက်လိုင်းစနစ်နဲ့ ဆောင်ရွက်မှာဆိုတော့ အရမ်းအဆင်ပြေပါတယ်။ ယခုလိုဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူ အဆင့်ဆင့်နဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ အားလုံးကိုလည်း ကျွန်တော်တို့ ရပ်ရွာလူထု ကိုယ်စား ကျေးဇူးတင်ရှိပါတယ်” ဟု ကန်ပြောင်ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးမောင်အုန်းက ပြောကြားသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ် ခွင့်ပြုရန်ပုံငွေ (၂၈.၄၆၃) သန်းဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့နောက် တာဝန်ရှိသူများသည် ရွာသစ်ကလေးကျေးရွာ ရေကန်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ အား ကွင်းဆင်းကြည့်ရှုပြီး ကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)