သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားပြုလုပ်

သုံးခွ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း အမှာစကားပြောကြားရာတွင် အခြားတိုင်းဒေသကြီး ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အတွင်းရှိ မြို့နယ်များသို့ ပြောင်းရွှေ့လာသည့် တိုက်ပွဲရှောင်ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။ ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများက လက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူ (၄၄) ဦးအား တစ်ဦးလျင် (ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာလ) သုံးလစာအတွက် ငွေကျပ် (၆) သောင်းကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၂၆၄၀၀၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)