ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘဝအလင်းစာကြည့်တိုက်ဖွင့်

ဘားအံ ဒီဇင်ဘာ ၁၅

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင်ကျရောက်မည့် ကရင်သက္ကရာဇ်(၂၇၆၅)ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ မတည်ချီးမြှင့်ငွေဖြင့်ဆောက်လုပ်သော လှိုင်းဘွဲမြို့နယ် အထက်ရေပူကျေးရွာအုပ်စုရှိ ဘဝအလင်း စာကြည့်တိုက် ဖွင့်ပွဲကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၈ နာရီက ကျင်းပသည်။

အဆိုပါစာကြည့်တိုက်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ အဆိုပါစာကြည့်တိုက်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့မတည်ချီးမြှင့်ငွေ ကျပ်သိန်း(၂၀၀)၊ ပြည်သူလူထုထည့်ဝင်ငွေ ကျပ် ၇၀၁၄၃၀ဝ စုစုပေါင်းငွေကျပ် ၂၇၀၁၄၃၀၀ဝ ဖြင့် ဆောက်လုပ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘဝအလင်းစာကြည့်တိုက်အဆောက်အဦအား အမွှေး နံ့သာရည်များ ပက်ဖျန်းပေးကြပြီး စာကြည့်တိုက်အတွင်း သုတ၊ ရသစာအုပ်စာစောင်များအား ပညာရပ်အလိုက်ခင်းကျင်းထားရှိမှု၊ ဒေသခံပြည်သူများနှင့်ကျောင်းသား၊ကျောင်းသူများက စာအုပ်စာပေလာရောက်လေ့လာဖတ်ရှုနေမှု အခြေအနေများကို ကြည့်ရှုအားပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ သည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်အစိုးရအဖွဲ့၏မတည်ချီးမြှင့်ငွေဖြင့်ဖွင့်လှစ်မည့် စာကြည့်တိုက်(၅)တိုက်လုံးကို ဖွင့်လှစ်ပြီးစီးခဲ့ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုများ၊ စာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများကို အထူးအလေးထားဆောင်ရွက်ပေးလျက်ရှိရာ မိမိတို့၏အနာဂတ်မျိုးဆက်သစ် လူငယ်များကို အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင်၊ စာဖတ်သည့်အလေ့အထများစွဲမြဲလာအောင် တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် စေတနာရှင်၊အလှူရှင်များက ဘဝအလင်းစာကြည့်တိုက်အတွက်ငွေပဒေသာပင် ၆၄ သိန်းကို ပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့က ဘဝအလင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

ယင်းနောက် ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က စာကြည့်တိုက်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်၊ ပရိဘောဂများကို စာကြည့်တိုက်ကော်မတီဝင်တစ်ဦးထံ လွှဲပြောင်းပေးအပ်သည်။

ထို့နောက် စာကြည့်တိုက်ကော်မတီဝင်ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာကြည့်တိုက်ဖွင့်ပွဲသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ကာ အထက်ရေပူကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)