(၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ ကျင်းပ

စစ်ကိုင်း ဇန်နဝါရီ  ၁

(၇၃)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန် က အဆိုပါ တပ်ဖွဲ့ခွဲရုံးအတွင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

လမ်းသစ်ဖွင့်ပွဲတွင် အမှတ်(၁၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲမှူး ရဲဝင်းစိုးက လမ်းသစ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားရာ ယခင်ကကျောက်ကြမ်းလမ်းဖြစ်ပြီး မိုးတွင်းအချိန် အခါများတွင် ရွံ့စေးမြေများ ဖြစ်သည့်အတွက် တပ်ဖွဲ့ဝင်မိသားစုများ သွားလာရေးခက်ခဲရာ တာဝန်ရှိသူအကြီးအကဲများနှင့် ညှိနှိုင်းဆွေးနွေး ကာ တပ်ရင်းတပ်ဖွဲ့ဝင်များဖြင့် ကိုယ့်အားကိုယ်ကိုး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ကွန်ကရစ်လမ်းသစ် ခင်းကျင်းဖွင့်လှစ်လိုက်တဲ့အတွက် တပ်ဖွဲ့ဝင်မိသားစုများအနေဖြင့်သော် လည်းကောင်း၊ တာဝန်အရလာရောက် ကြသည့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ မြို့မိ/ မြို့ဖအဖွဲ့များအနေဖြင့်လည်း ရာသီမရွေး ကောင်းမွန်စွာ သွားလာနိုင်ပြီဖြစ်ကြောင်း ပြောကြားကာ အမှတ်(၃) လုံခြုံရေးကွက်ကဲရေးမှူးရုံးမှ ရဲမှူးကြီး မိုးညိုနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး လိုက်လံကြည့်ရှုခဲ့ကြသည်။

ကွန်ကရစ်လမ်းသစ်မှာ အရှည်ပေ (၁၄၀၀)ပေ၊ အကျယ်ပေ (၁၃)ပေရှိကာ (၆၅)သိန်းကျော် အကုန်အကျခံ ခင်းကျင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၂၉)ရက်နေ့က စတင်ဆောက်လုပ်ရာ ဒီဇင်ဘာ(၃၁)ရက် နေ့က ပြီးစီး၍ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် ယနေ့ဖွင့်လှစ်လိုက်ရခြင်း ဖြစ်ကြောင်း တပ်ရေးအရာရှိ ဒုတိယရဲမှူး ဇော်ဝင်း က ပြောကြားကြောင်း သိရသည်။

ဇော်မြင့်နိုင် (ခရိုင်၊ ပြန်/ဆက်)