စစ်တွေ ဒီဇင်ဘာ ၁၅
(၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ရန်စစ်တွေမြို့သို့ ရောက်ရှိနေသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေအရ အခက်အခဲကြားက မိမိတို့တာဝန်များကို ကျေပွန်စွာထမ်းဆောင်နေကြသည်ကို သိရှိရသည့်အတွက်လည်း ဝန်ထမ်းများကို ကျေးဇူးတင်ပါကြောင်း၊ မိမိတို့ တာဝန်ထမ်းဆောင်ရာဒေသတွင် ဒေသကောင်းကျိုး၊ ဌာနကောင်းကျိုးအတွက် တတ်စွမ်းသရွေ့ ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်တွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌လည်း ပြည်နယ်အစိုးရအဖွဲ့နှင့်အတူ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက် ပေးသွားကြရန် ပြောကြားသည်။ ယင်းနောက် ပြည်နယ်ဦးစီးမှူးများက မိမိတို့ဌာနအလိုက် ဝန်ထမ်းများ တာဝန်ထမ်းဆောင်နေမှု၊ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဝန်ထမ်းများအတွက် အခြေခံလိုအပ်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးမြင့်စိုးက ဖြည့်စွက်ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သက်ဆိုင်ရာဌာနများအလိုက် တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပေးပြီး ဝန်ကြီးဌာနအောက်ရှိဝန်ထမ်းများအနေဖြင့် အခက်အခဲကြားတွင် တာဝန်ထမ်းဆောင်ကြသည့်အခါ စည်းစည်းလုံးလုံးညီညီညွှတ်ညွှတ် ပူးပေါင်းလုပ် ဆောင်ကြစေလိုကြောင်း၊ မိမိတို့အနေဖြင့်လည်း လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို မိမိတို့ရုံး၊ ဝန်ထမ်းအိမ်ရာများတွင် စိုက်ပျိုး မွေးမြူသွားကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးနိုင်အောင်လည်း ဌာနအကြီးအကဲများက တိုက်တွန်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ဒေသခံပြည်သူများအတွက်လည်း စားရေရိက္ခာဖူလုံရေးအတွက် သက်ဆိုင်ရာ ဦးစီးဌာနများမှ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နယ်မြေဒေသအခြေအနေအရ စိုက်ပျိုးနိုင်သည့် လယ်ဧကအလိုက်အထွက်နှုန်းတိုးနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင်ရေးဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ဌာနအလိုက် နည်းပညာဆွေးနွေးပွဲ များကျင်းပကာ ဝန်ထမ်းများ အသိပညာတိုးပွားရေးအတွက် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ အလားတူ ဝန်ထမ်းများအနေဖြင့် ကျန်းမာရေး ကောင်းမွန်အောင်ဂရုစိုက်နေထိုင်ကာ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြစေလိုကြောင်းနှင့်လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် နေထိုင်သွားကြရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စစ်တွေမြို့တွင် တာဝန်ထမ်းဆောင်နေကြသော ဝန်ထမ်းများအတွက် သီးသန့်ငွေ ဌာနအလိုက် အခြေခံစားသောက်ကုန်နှင့် ဆေးဝါးများကိုပေးအပ်ချီးမြှင့်ပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်မြေစာရင်းဦးစီးဌာနရုံးသို့သွားရောက်ပြီး ပြည်နယ်ရုံးဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)