စစ်တွေ ဒီဇင်ဘာ ၁၅
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် ရခိုင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့်အတူ ယနေ့မွန်းလွဲပိုင်းက စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သင်ကြားပေးနေသော စာပေအတတ် ပညာများကို အပတ်တကုတ်လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင် ပြင်ပဗဟုသုတ များကို လေ့လာဆည်းပူး၍ အသိပညာများကိုလည်း တိုးတက်၍ အမှန်နှင့်အမှားကွဲပြားစွာ ဝေဖန်ပိုင်းခြားနိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာ သင်ကြားရေးနှင့်နေထိုင်စားသောက်ရေးတို့ကို အလေးထားဆောင်ရွက်ပေးထားသည့်အပေါ် ကျေးဇူးသစ္စာစောင့်သိနေထိုင်သွားကြရန်၊ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိမှသာ အနာဂတ်၏ ခေါင်းဆောင်ကောင်းများဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း ကျောင်းသင်ခန်းစာများကို အေးချမ်းစွာ လေ့လာသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ်အသိအမြင်နှင့် အယူအဆကောင်းများ သိရှိနားလည်စေရန်၊ ဗလငါးတန်နှင့် ပြည့်စုံ၍ နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နိုင်ငံတော်မှ အားကိုးအားထားပြုရ မည့် နိုင်ငံ့သားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်များနှင့်အညီ လေ့လာသင်ကြားပျိုးထောင်သွားကြရန်မှာကြားခဲ့သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကားပြောကြားသည်။ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံ စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေဆုံစဉ် တိုင်းရင်းသားများ၏ စာပေနှင့်ယဉ်ကျေးမှုများကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို အလေးပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အနေဖြင့် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ အခန်းကဏ္ဍဟာ အရေးကြီးသည့် အတွက် ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်းပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ခဲ့ပြီးပြည်ထောင်စုဝန်ကြီးက တက်ရောက်လာသော တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များနှင့် ဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။
ပြန်နယ်(ပြန်/ဆက်)