ရေနံချောင်းမြို့နယ်၌ အာမခံအလုပ်သမားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်

ရေနံချောင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင်မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ သဘာဝဘေးအန္တရာယ် ကျရောက်မှုဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ငွေနှင့် ပညာသင်စရိတ်ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်လူမှုဖူလုံရေးရုံးခွဲတာဝန်ခံ ဒေါ်နွယ်နီဝင်းက ထောက်ပံ့ငွေများပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အာမခံအလုပ်သမား ၁၅၂ ဦးအား သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ လူမှုဖူလုံရေးထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းဖြစ်သည့် ငွေကျပ် ၁၃၀၄၁၉၂၀ ကို စက်မှုဇုံဥက္ကဋ္ဌ ဦးကျော်စိုးထံသို့လည်းကောင်း၊ အာမခံအလုပ်သမား ၃၇၅ ဦး၏ သားသမီး ၅၄၇ ဦးအတွက် ငွေကျပ် ၂၅၀၂၀၀၀၀ ကို မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း မန်နေဂျာ ဒေါ်အေးအေးသန့်ထံသို့လည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)