မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မင်းဘူး ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူဆောင်ရွက်ခဲ့သော မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါလမ်းမပေါ်၌ ကျင်းပသည်။

ရှေးဦးစွာအခမ်းအနားတွင် ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီ ဆောင်ရွက်ပေးခဲ့သော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်၍ အဆိုပါကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ လမ်းအကျယ် ၁၂ ပေရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများအားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ ၇၀၅ ကျပ်သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလမ်းအား ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ ကျွေးရွာပေါင်း ၈ ရွာ၊ အိမ်ခြေပေါင်း ၁၁၁၇ အိမ်မှ လူဦးရေပေါင်း ၄၈၅၀ ဦးနှင့် လမ်းအသုံးပြုသူ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းနိုင်စေမည်ဖြစ်သည်။

ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး) အနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေများဖြင့် ယခုဖွင့်လှစ်ပေးခဲ့သော ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ် အပါအဝင် တိုင်းဒေသကြီးအတွင်း၌ ၁၈ ပေအကျယ် ကွန်ကရစ်လမ်းအရှည် ၂ ဒသမ ၆၉ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်း အရှည် ၂ မိုင် ၃ ဒသမ ၇၄ ဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည် ၂ မိုင် ၀ ဒသမ ၇ ဖာလုံ၊ ၁၂ ပေအကျယ် ကတ္တရာလမ်းသစ်ခင်းခြင်း အရှည် ၄ မိုင် ၇ ဒသမ ၉၇ ဖာလုံ၊ ၁၂ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း အရှည် ၄ မိုင် ၅ ဒသမ ၅၉ ဖာလုံ၊  ၁၈ ပေ အကျယ်မြေနီလမ်းခင်းခြင်း အရှည် ၃ မိုင် ၁ ဖာလုံ၊  မြေကာနံရံ ၁၂၇၈ ပေ၊  ၁၅ ပေအကျယ်တံတားတစ်စင်း၊ ရေကျော် ၄ စင်းနှင့် Box Culvert ၅ စင်းတို့ကိုခွင့်ပြုရန်ပုံငွေ ၈၇၈၃ ဒသမ ၈၀၂ ကျပ်သန်းအကုန်ကျခံ၍ ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့(မကွေးတိုင်းဒေသကြီး)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးထွန်းလင်းမော်ထံမှ သိရသည်။

မောင်မောင်(မင်းဘူး)