စေတုတ္တရာ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၂)ဦး စုစုပေါင်း (၆)ဦးသည် သတ်မှတ်ရက် (၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့ နံနက်(၉)နာရီအချိန်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ (၆)ဦးမှာ ဒီဇင်ဘာလ(၂၂)ရက်နေ့မှ စတင်၍ မြို့နယ်ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ အတည်ပြုလူနာ သီးသန့်ဆောင်တွင် ဆေးဝါးကုသမှုခံယူခဲ့ပြီး ကျန်းမာရေးကောင်းမွန်လာ ကာ သတ်မှတ် ထားသည့် ကာလပြည့်ပြီဖြစ်သောကြောင့် ဆေးရုံမှဆင်းခွင့်ပြုကာ နေအိမ်တွင် Home Quarantine (၇)ရက် ဆက်လက် နေထိုင်ရမည်ဖြစ်ကြောင်းနှင့် ဆေးရုံဆင်းလူနာ (၆)ဦးအား အုပ်ချုပ်ရေးအဖွဲ့ အစည်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်း များ၏ ကြီးကြပ်မှုဖြင့် လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့လူနာ (၉)ဦးရှိပြီဖြစ်ရာ အဆိုပါပိုးတွေ့လူနာ အားလုံးသည် ရောဂါသက်သာပျောက်ကင်း၍ ဆေးရုံဆင်းခွင့် ရရှိိပြီဖြစ်၍ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိသူမကျန်ရှိတော့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်ထံမှ သိရသည်။
ခင်သန်းလှိုင်(ပြန်/ဆက်)