ပွင့်ဖြူမြို့နယ်၌ မိုးစပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိ

ပွင့်ဖြူ ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကာ စပါးအထွက်နှုန်းအနေဖြင့် တစ်ဧကလျှင် စပါး ၉၂ ဒသမ ၇၁ တင်းနှုန်းထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး ၇၀၀၃၃ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး အဆိုပါ စိုက်ပျိုးထားသော စပါးစိုက်ခင်းများကို နိုဝင်ဘာလမှစတင်ရိတ်သိမ်းခဲ့ရာ ယနေ့တွင် ၃၆၇၉၄ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ ရိတ်သိမ်းနိုင်ရန်နှင့် စပါးအထွက်နှုန်းများ လျော့နည်းမှုမဖြစ်စေရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနက သီးနှံအချိန်မီရိတ်သိမ်းနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိသည်။

“ပွင့်ဖြူမြို့နယ်မှာ ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီ စားနပ်ရိက္ခာဖူလုံစေရေးအတွက် စပါး ၇၀၀၃၃ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဲဒီစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လက်ရှိမှာ ရိတ်သိမ်းခြွေလှေ့နေကြပြီး ဒီနေ့ထိ ၃၆၇၉၄ ဧက ရိတ်သိမ်းခြွေလှေ့ပြီးစီးပြီဖြစ်ပါတယ်။ စပါးစိုက်ပျိုးတာနဲ့ပတ်သက်ပြီး တစ်နှစ်ထက်တစ်နှစ်အထွက်နှုန်းတွေ တိုးတက်အောင် လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ သီးနှံဖျက်ပိုးရောဂါကင်းရှင်းရေး စတဲ့ လုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးတောင်သူများကို စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အောင်မြင်ဖြစ်ထွန်းစေရေးအတွက် စိုက်နည်းစနစ်များ မှန်ကန်ရေး၊ စိုက်ပင်အရေအတွက် ပြည့်မီရေး၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရေး၊ မြေဩဇာနှင့် သွင်းအားစုများ အချိန်ကိုက်သုံးစွဲတတ်စေရေး၊ ပိုးမွှားရောဂါကင်းရှင်းရေး စသည့်လုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စပါးကို အထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းစားသုံးမှုကို ဖူလုံနိုင်မည့်အပြင် ပိုလျှံမှုကိုရောင်းချနိုင်သဖြင့် ဝင်ငွေရရှိပြီး လူမှုစီးပွးဘဝများ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်ရာ စပါးကို တိုးချဲ့စိုက်ပျိုးနိုင်ရေး ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေကပြောပြ၍ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)