ပေါက်ခေါင်းမြို့နယ်၌ ငှက်ပျောပင်စိုက်ခင်းများ အောင်မြင်စွာဖြစ်ထွန်း

ပေါင်ခေါင်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ ပျားထိုးကျွန်းကျေးရွာတွင် တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားရှိသော ငှက်ပျောပင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ စိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများ အကျိုးအမြတ်ရရှိကြောင်း သိရသည်။

ပျားထိုးကျွန်းကျေးရွာ၌ ရခိုင်ငှက်ပျော၊ သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းငှက်ပျောပင်များကို စီးပွားဖြစ်စိုက်ပျိုးလုပ်ကိုင်ကြပြီး ဧက(၃၉၂)ဧက  စိုက်ပျိုးထားရှိကြောင်း၊ တစ်ချို့တောင်သူများမှာ မိမိတို့နေထိုင်ရာ အိမ်နောက်ဘက်တွင် တစ်ပိုင်တစ်နိုင်အဖြစ် ဖီးကြမ်းငှက်ပျောများ စိုက်ပျိုးကြကြောင်း၊ ငှက်ပျောပင်တစ်ပင်နှင့် တစ်ပင်အကြား ငါးပေခြားစိုက်ပျိုးကြကြောင်း၊ ငှက်ပျောပင်များ အသီး၊ အခိုင်များ ကြီးထွားရင့်မှည့်မှုလွယ်ကူစေရန် ဓာတ်မြေဩဇာအသုံးပြုပေးရကာ စိုက်ပျိုးပြီး ရှစ်လခန့်အကြာတွင် အသီးများစတင်ခုတ်ယူနိုင်ကြောင်းနှင့် ငှက်ပျောပင်များမှာ အသီးအမှည့်စားသုံးနိုင်သည့်အပြင် ငှက်ပျောအူကို မုန့်ဟင်းခါးချက်ပြုတ်ရာတွင်လည်း အသုံးပြုကြကြောင်း ပျားထိုးကျွန်းကျေးရွာမှ ငှက်ပျောစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)