နတ်မောက် ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာအတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် ယင်းချောင်း ရေးနှင့် မြေအောက်ရေကို စနစ်တကျ အသုံးပြု၍ ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို နွေ၊ မိုး၊ ဆောင်း ရာသီမရွေး စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုနှစ်တွင် မုန်လာဥသီးနှံ စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းပြီး ဈေးကောင်းရရှိ၍ မိသားစုအပိုဝင်ငွေရရှိကြောင်း ဦးဖိုဘထံမှ သိရသည်။
နတ်မောက်မြို့နယ်အတွင်း ယင်းချောင်းဘေးတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံတောင်သူများသည် တစ်ပိုင်တစ်နိုင် ဟင်းသီးဟင်းရွက် စားပင်သီးနှံ စိုက်ပျိုးရေးလုပ်ငန်းကို စီးပွားဖြစ်လုပ်ကိုင်ကြပြီး သီးနှံများ စိုက်ပျိုးရာတွင် ယင်းချောင်းရေ ကို ရယူပြီး စိုက်ပျိုးမှုရှိသလို အချို့တောင်သူများမှာ ကိုယ်ပိုင်အဝီစိတွင်းများဖြင့် စိုက်ပျိုးလုပ်ကိုင် ကြကြောင်း တောင်သူ အများစုသည် စားပင်သီးပင်များ စိုက်ပျိုးရာ၌ သီးနှံတစ်မျိုး တည်း စိုက်ပျိုးခြင်းအစား သီးနှံဝင်ငွေ အပိုရရှိရေးအတွက် သီးထပ်သီးညှပ်အဖြစ် ရောနှောစိုက်ပျိုးမှုများ လာကြကြောင်း သိရသည်။ ယခုနှစ်ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်း တွင် မုန်လာဥစိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်းမှုရှိကြောင်း၊ မုန်လာဥမျိုးစေ့တစ်ထုပ်ကို (၄၅၀၀)ကျပ် ပေးဝယ်ရပြီး မျိုးစေ့များကို ဘောင်များခတ်၍ စိုက်ပျိုးရကြောင်းနှင့် ရောင်းချရာတွင်လည်း မုန်လာဥတစ်ဥလျှင် (၄၅) ကျပ်နှုန်းဖြင့် ရောင်းချနေရ၍ လုပ်ငန်းအဆင်ပြေကြောင်း နှစ်ရက်ခြားတစ်ကြိမ် မုန်လာဥအလုံးရေ (၆၅၀)မှ (၇၀၀) အထိ နုတ်ယူရောင်းချရကြောင်း ကြူအိုင်ကျေးရွာမှ ဦးမြင့်ဝေထံမှ သိရသည်။
လှဝင်း (နတ်မောက်)