တမူး ဒီဇင်ဘာ ၁၆
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၌ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တမူးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များ၊ ရွေးကောက်ခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဈေးတန်းရပ်ကွက်ရှိ လူစည်ကားရာ ဗိုလ်ချုပ်လမ်း လွတ်လပ်ရေး ပန်းခြံရှေ့၌ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ မြေစိုက်ပိုစတာအားစိုက်ထူခဲ့ကြသည်။
ထို့နောက် ဗိုလ်ချုပ်လမ်းမကြီး တစ်လျှောက်နှင့်လူစည်ကားရာ မြို့မဈေးအတွင်းရှိ ဈေးရောင်းသူ၊ဈေးဝယ်သူ များထံသို့ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စသည့်ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)