ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေး

လှည်းကူး ဇန်နဝါရီ ၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘတ်ဂျတ်ဖြင့် လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၇)နာရီမှ စတင်ကာ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်လင်းသန်း နှင့် တာဝန်ရှိသူများသည် လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအ တွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ဆောင်ရွက်နေသော မင်းကုန်းကျေးရွာ အုပ်စု ဂုံမင်းလျှိုကျေးရွာတွင် ကုန်ထုတ်တံတား အရှည် ၁၂၀ ပေ၊ အကျယ် ၁၄ပေ၊ ဂဝံလမ်း အရှည် ၃၉၀၀ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မတို့အတွက် ငွေကျပ် ၂၆၁.၈၃၉ သန်းဖြင့်လည်းကောင်း၊ ဂွေးတောက် အိုင်ကျေးရွာအုပ်စု၊ ရေကျော် ကျေးရွာတွင် ရေရရှိရေးအတွက် ၄ လက်မခွဲ အမြင့်တင် စက်ရေတွင်း၊ ဟိုင်းကူးကျေးရွာအုပ်စု ကြို့ကုန်းကျေးရွာ တွင် ၄ လက်မခွဲ အမြင့်တင် စက်ရေတွင်း၊ ကောက်ကွေ့ ကျေးရွာအုပ်စု ကောက်ကွေ့ကျေးရွာတွင် ကုန်ထုတ် တံတား အရှည် ၈၀ ပေ၊ အကျယ် ၁၄ ပေ၊ မြေသား လမ်း အရှည် ၂၃၅၆ ပေ၊ အကျယ် ၁၅ ပေ၊ အမြင့် ၂ ပေနှင့် ဂဝံလမ်း အရှည် ၂၃၅၆ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉လက်မတို့အတွက် ငွေကျပ် ၁၉၀.၁၃၀ သန်းဖြင့်လ ည်းကောင်း၊ ဝါးနက်ကုန်း ကျေးရွာအုပ်စု ဝါးနက်ကုန်းကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်း ၁/၂၊ မုဆိုးညောင်ပင် ကျေးရွာ အုပ်စု ရှမ်းရွာကျေးရွာတွင် ကုန်ထုတ်ဂဝံလမ်း (အရှည် ၂၀၀၀ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉လက်မ)၊ (အရှည် ၃၄၉၈ ပေ၊ အကျယ် ၁၂ပေ၊ အမြင့် ၉လက်မ)၊ (အရှည် ၉၁၇ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ)တို့အတွက် ငွေကျပ် ၈၈.၀၂၄ သန်းစသည်ဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အသီးသီး ဆောင်ရွက်နေမှု တို့အား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရ သည်။

လှည်းကူးမြို့နယ်အတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုနှင့်တိုင်းဒေသကြီး ဘတ်ဂျတ်ဖြင့် ကုန်ထုတ်လမ်း၊ ကုန်ထုတ်တံတား၊ Box Culvert ပေါင်း လုပ်ငန်း(၁၁)ခုနှင့် ရေရရှိရေး လုပ်ငန်း ၃၇ ခု၊ စုစုပေါင်း လုပ်ငန်း(၄၈)ခု ငွေကျပ်(၁၂၅၄.၉၂၄)သန်းတန်ဘိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၎င်းအပြင် ပြည်ထောင်စု ရန်ပုံငွေဖြင့် မြစိမ်းရောင် လည်ပတ်ရန်ပုံငွေစီမံကိန်း(၃)ရွာ၊ ကျေးရွာ မတည်ရန်ပုံငွေစီမံကိန်း(VRFP) ၆ ရွာ၊ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(၁၉)ရွာ၊ အသက်မွေးဝမ်းကြောင်း (အခြေခံမော်တာစက်ချုပ်)သင်တန်း(၃)ရွာတို့ အတွက် ငွေကျပ်(၄၀၇)သန်း လျာထားဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

နိုင်လင်း(လှည်းကူး)