ပေါင်းတည် ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံကြီးကြပ်မှုဖြင့် ထုတ်လုပ်သော လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) များအား တောင်သူများ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်က မိမိတို့မြို့နယ်အတွင်း နွေစပါး၊ မိုးစပါးအထွက်နှုန်းတိုးတက်စေရေးအတွက် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ၂၂၅ ခုအား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဖြန့်ဖြူးပေးအပ်ခဲ့သဖြင့် တောင်သူများလက်ဝယ်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် Drum Seeder အသုံးပြု၍ ရာသီအလိုက် စပါးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူးဦးအောင်မျိုးမင်းက ပြည်ပပို့ကုန်သီးနှံများတွင် ဓာတ်မြေဩဇာ ဓာတ်ကြွင်းကင်းစင်အောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စိုက်ပျိုးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ စုစုပေါင်းအင်အား ၁ဝဝ ခန့်တက်ရောက်ခဲ့ကြပြီး တာဝန်ရှိသူများက Drum Seeder များကို ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ တောင်သူများလက်ဝယ်အရောက် အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
ရွှေသား