စလင်းမြို့နယ်တွင် မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်း သရုပ်ပြသ

စလင်း ဒီဇင်ဘာ ၁၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင် တာဝန်ထမ်းဆောင်မည့်သူများအား မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းနှင့် မဲရုံခင်းကျင်းခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပတ္တမြားအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ မဲရုံတာဝန်ထမ်းဆောင်မည့်သူများအား၊ သွားလာနေထိုင်စားသောက်ရေးနှင့် မဲပေးစက်များ သယ်ယူပို့ဆောင်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ထွေးနှင့် တာဝန်ရှိသူတို့က မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်များ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊  စမ်းသပ်မဲပေးခြင်းနှင့် ရွေးကောက်ပွဲနေ့တွင် မဲရုံ၌ မဲပေးစက်တပ်ဆင်ခင်းကျင်းပုံတို့ကို ရှင်းလင်းပြောကြားပြီး မဲရုံခင်းကျင်းခြင်းကို လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။       

မောင်လွင်(စလင်း)