တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှု လေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်းအမှတ်စဉ်(၁) သင်တန်းဆင်းပွဲ ကျင်းပ

တိုက်ကြီး ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့် ပညာပေးရေးသင်တန်းကျောင်း၌ ဝန်ကြီးဌာနကိုယ်စားပြု ဦးစီးအရာရှိများ လုပ်ငန်းခွင်သင်တန်း အမှတ်စဉ်(၁) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းတွင် ကျင်းပသည်။

ဦးစွာ ဗဟိုမြေစာရင်းဖွံ့ဖြိုးမှုလေ့ကျင့်ပညာပေးရေးသင်တန်းကျောင်း ညွှန်ကြားရေးမှူး ကျောင်းအုပ်ကြီး ဦးသိန်းစိုးမင်းက ဌာန၏လုပ်ငန်းများ တာဝန်ယူဆောင်ရွက်ရာတွင် လုပ်ငန်းကျွမ်းကျင်ပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ တာဝန်ယူထမ်းဆောင်နိုင်စေရေးနှင့် ဗလငါးတန်နှင့်ပြည့်စုံပြီး တိုင်းပြည်အကျိုး၊ ဌာနအကျိုး စွမ်းစွမ်းတမံ သယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများဖြစ်စေရေး ကြိုးစားဆောင်ရွက်ကြရန် သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက လက်ခံရယူသည်။

အဆိုပါသင်တန်းတွင် ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ ဝန်ကြီးဌာနကိုယ်စားပြု ခရိုင်ရုံးများတွင် တာဝန်ထမ်းဆောင်မည့် ဦးစီးအရာရှိ သင်တန်းသား၊ သင်တန်းသူ ၆၄ ဦးကို ရက်သတ္တပတ်လေးပတ်ကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဝတ်ရည် (ပြန်/ဆက်)