တိုက်ကြီး ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ ဒေသတွင်းဆီစားသုံးမှု ဖူလုံစေရေးရည်ရွယ်၍ ဆောင်းသီးနှံဖြစ်သည့် နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေးစီမံကိန်း နည်းပညာပေးကွင်းလက်တွေ့စိုက်ပျိုးခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၈ နာရီက ဥတိုကျေးရွာ၊ ကွင်းအမှတ် (၇၇၅)၊ ဦးပိုင်အမှတ် (၃၇) ရှိ တောင်သူ ဦးကျော်လွင်၏ လယ် ၁၅ ဧကတွင် ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က နေကြာသီးနှံတိုးချဲ့စိုက်ပျိုးရေး ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက ရေရရှိရေးနည်းလမ်းအား ဆွေးနွေးသည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးနိုင်က နေကြာစိုက်ပျိုးနည်းစနစ်များနှင့် စပ်လျဉ်း၍ အသိပညာပေးပြောကြားပြီးနောက် နေကြာသီးနှံအား ကျွဲ၊ နွားဖြင့် စိုက်ကြောင်းဖော်၍ လူဖြင့်မျိုးစေ့ချစိုက်ပျိုးခြင်း၊ လက်တွန်းမျိုးစေ့ချကိရိယာဖြင့် ကွင်းလက်တွေ့သရုပ်ပြစိုက်ပျိုးခဲ့ရာ တက်ရောက်လာကြသူများက ကြည့်ရှုအားပေးသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်နှင့် အဖွဲ့သည် ဂျိုးဖြူကျေးရွာ ကွင်းအမှတ် ၇၄၀၊ ဦးပိုင်အမှတ် (၅၀ ခ) ရှိ တောင်သူ ဦးကျော်ဝင်းအောင်၏ လယ်မြေ ၂ ဒဿမ ၁၀ ဧကတွင် စိုက်ပျိုးထားသည့် ၁၇ ရက်သား နေကြာပျိုးပင်များအား တစ်ကျင်းတစ်ပင်နှုန်း အပင်သားခွဲစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)