သုံးခွ ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံမှ ပဲတီစိမ်းအား ပြည်ပနိုင်ငံများသို့ တင်ပို့ရာတွင်ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်သော ပဲတီစိမ်းများ စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပဲတီစိမ်းစိုက်တောင်သူများအတွက် တောင်သူနည်းပညာပေးသင်တန်းကို သုံးခွမြို့နယ် လေးကျွန်းမာန်အောင်ဘုရားဓမ္မာရုံ၌ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်းရောင်း၀ယ်ရေး၀န်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာတွင် ပဲတီစိမ်းများအား ပြည်ပသို့တင်ပို့ရောင်းချနိုင်မှုအခြေအနေများ၊ စျေးကွက်နှင့် ချိတ်ဆက်ဆောင်ရွက်မှုအခြေနေများ၊ ပဲတီစိမ်းတင်ပို့ရောင်းချရာတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး သင်တန်းမှ ဆွေးနွေးချက်များအား ယခုတက်ရောက်သော တောင်သူများမှတဆင့် မတက်ရောက်နိုင်သောတောင်သူများအား အသိပညာပြန်လည်မျှဝေ၍ လိုက်နာဆောင်ရွက်ကြရန်နှင့် ၂၀၂၅-၂၀၂၆ ရာသီပဲတီစိမ်းစိုက်တောင်သူများအတွက် GAP/GHP နည်းစနစ်များအတိုင်း စိုက်ပျိုးနိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးကြရန် ပြောကြားပါသည်။
ဆက်လင်၍ စိုက်ပျိုးရေးဦးစီးဌာနမှ သက်ဆိုင်ရာဘာသာရပ်ဆိုင်ရာပညာရှင်များမှ မျိုးကောင်းမျိုးသန့်သုံးစွဲရေး၊ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများအား လိုက်နာဆောင်ရွက်နိုင်ရေး၊ မြေဆီလွှာအာဟာရစီမံခန့်ခွဲခြင်းနှင့် သဘာဝမြေသြဇာနှင့် ဓာတ်မြေဩဇာစနစ်တကျသုံးစွဲရေး၊ ဖျက်ပိုးများအားဘက်စုံသီးနှံကာကွယ်ရေးနည်းစနစ်များ အသုံးပြု၍ ကာကွယ်နှိမ်နှင်းရေး၊ ပိုးသတ်ဆေးများကို လိုအပ်မှသာ စနစ်တကျအသုံးပြုရေးတို့ကို ဆွေးနွေးပို့ချပြီးခဲ့သည် ထို့နောက်တက်ရောက်လာကြသည့် တောင်သူများမှ စိုက်ပျိုးရေးနည်းစနစ်များနှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းကြရာ သင်တန်းနည်းပြများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော တောင်သူ (၃၀၈) ဦးအား အသိပညာပေးစာအုပ်စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။
စည်သူလင်း (ပြန်/ဆက်)