တွံတေး ဒီဇင်ဘာ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိလာသူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ အားကစားနှင့်ကာယပညာဦးစီးဌာနရှိ (ခ) အဆင့် အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးမြို့နယ်အတွင်းသို့ ယာယီနေရပ်စွန့်ခွာပြည်သူများ ရောက်ရှိလာသူရပ်ကွက်၊ ကျေးရွာ (၃၅) အုပ်စုတွင် လူဦးရေ (၄၄၉) ဦးတို့အတွက် တစ်ဦးလျှင် တစ်လငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် ဇူလိုင်၊ သြဂုတ်၊ စက်တင်ဘာ သုံးလစာငွေကျပ် (၆၀၀၀၀) ကျပ်ကို တာဝန်ရှိသူများက ကာယကံရှင်များထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မျိုးလှိုင်