မင်းဘူး ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် ဓါတ်ပုံနံရံကပ် ပိုစတာများပြသခြင်းများကို ယမန်နေ့နံနက် ၉ နာရီက နန်းတော်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပြုလုပ်ရာတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးချစ်လှက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်နှင့် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်တို့က လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပုံအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ဓာတ်ပုံနှင့် နံရံကပ်စာစောင်များကိုပြသရာ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးရရှိရန် ကြိုးပမ်းမှုမှတ်တမ်းဓာတ်ပုံများ၊ လွတ်လပ်ရေးသမိုင်းကြောင်းများနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)