ပဲခူး ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်း စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းအပြင် နေရပ်လိပ်စာပါအတိုင်း သက်ဆိုင်ရာမဲရုံများတွင် မဲပေးနိုင်ရေးပြင်ဆင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မဲရုံမှူးအပါအဝင် မဲရုံတာဝန်ကျ ဝန်ထမ်းများအား ထပ်မံ၍မွမ်းမံသင်တန်းများ ပေးသွားရမှာဖြစ်ကြောင်း၊ ဆန္ဒမဲပေးခြင်းသည် နိုင်ငံသားတစ်ယောက်၏ မွေးရာပါအခွင့် အရေးတစ်ရပ်ဖြစ်၍ လုံခြုံအေးချမ်းလွတ်လပ်စွာ မဲပေးနိုင်ရေး စီမံဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊ MEVM မဲပေးစက်နှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ သရုပ်ပြသခြင်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၁)တွင်ကျင်းပမည့် မြို့နယ်(၈)မြို့နယ်အပြင် အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် ဆက်လက်ကျင်းပသွားမည့် မြို့နယ်(၂၀)မြို့နယ် တို့တွင်လည်း ရွေးကောက်ပွဲဆိုင်ရာလိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရမှာဖြစ်ကြောင်း၊ မြို့နယ်အလိုက် MEVM မဲပေးစက်များ ပြောင်းရွှေ့ခြင်းအပြင် မဲရုံလုံခြုံရေးနှင့် ဆက်သွယ်ရေးကွန်ယက် ပြတ်တောက်မှုမရှိစေရေး အလေးထားဆောင်ရွက်သွားရန်နှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးပူးပေါင်းဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိက မြို့နယ်အလိုက် MEVM မဲပေးစက်များ ဖြန့်ခွဲပေးပို့ထားရှိမှု၊ နည်းပညာအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် မဲဆန္ဒရှင် အမျိုးအစားအလိုက် ကြိုတင်မဲပေးနိုင်ရေးစီစဉ်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက မဲဆန္ဒရှင်စာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ထားရှိမှုနှင့် မဲဆန္ဒရှင်စာရင်းပြုစုထားရှိမှု အခြေအနေတို့အား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မြို့နယ်အလိုက် မဲရုံများဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိမှု၊ မဲဆန္ဒရှင်စာရင်း မှန်ကန်စေရေး ဆောင်ရွက်ထားရှိမှုနှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစီမံချက်များအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြို့နယ်တစ်ခုချင်း အလိုက် လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင်(ပြန်/ဆက်)