ဒေါပုံမြို့နယ်အတွင်းရှိ မဲရုံများတွင် မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်း အစီအစဉ်ဆောင်ရွက်

ဒေါပုံ ဒီဇင်ဘာ ၁၆

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအကြိုကာလအတွင်း မဲရုံများတွင်မဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်းကို ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန်က စတင်ကာ တာဝန်ရှိသူများက ရပ်ကွက်များအလိုက် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဒေါပုံမြို့နယ်အတွင်း မဲရုံ (၃၈) ရုံရှိသည့်အနက် ရပ်ကွက် (၁၄) ရပ်ကွက်တွင် တစ်ရပ်ကွက်လျှင် မဲရုံတစ်ရုံနှုန်းသတ်မှတ်၍ မဲပေးစက်များကို သတ်မှတ်ပုံစံများအတိုင်း စနစ်တကျတပ်ဆင်ခြင်း၊ ပုံစံတကျခင်းကျင်းခြင်းနှင့် စမ်းသပ်မဲပေးခြင်းများကို မဲရုံမှူးနှင့် မဲရုံဝန်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါမဲပေးစက်များ ဇာတ်တိုက်လေ့ကျင့်ခင်းကျင်းခြင်း ဆောင်ရွက်ရာ ရပ်ကွက် (၁၄) ရပ်ကွက်သို့ မြို့နယ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းစိန်နှင့် အဖွဲ့ဝင်များက လာရောက်ကာ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချစ်စုဝေ (ပြန်/ဆက်)