လက်ပံတန်း၌ စိုက်ပျိုးရေးအရောင်းဆိုင်များတွင် တရားမဝင် ပိုးသတ်ဆေးနှင့် မြေဩဇာများ ရောင်းချမှုမရှိစေရေး လိုက်လံစစ်ဆေး

လက်ပံတန်း ဒီဇင်ဘာ ၁၆

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်ရှိ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းဆိုင်များတွင် စိုက်ပျိုးရေးဦးစီးဌာနမှ သတ်မှတ်ညွှန်ကြားချက်များအတိုင်း လိုက်နာရောင်းချမှု ရှိ/မရှိ၊ တရားမဝင် ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာများနှင့် မျိုးစေ့များ ရောင်းချမှု ရှိ/မရှိတို့ကို ယမန်နေ့နေ့လယ်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဉာဏ်မြင့်နှင့် မြေ၊ မျိုး၊ ပိုး တာဝန်ခံများ၊ စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများက ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေးနှင့် မျိုးစေ့အရောင်းဆိုင်များတွင် သက်တမ်းလွန်ပစ္စည်းများ၊ မြန်မာစာဖြင့် အညွှန်းဖော်ပြထားခြင်းမရှိသည့် ပိုးသတ်ဆေးနှင့် မျိုးစေ့များ ရောင်းချခြင်း ရှိ/မရှိနှင့် စိုက်ပျိုးရေးသုံးပစ္စည်းရောင်းချခွင့်လိုင်စင် ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး မျိုးစေ့ဥပဒေ၊ ပိုးသတ်ဆေးဥပဒေကို လိုက်နာကြရန် တားမြစ်ထားသော စိုက်ပျိုးရေးဆေးများကို မရောင်းကြရန် အသိပညာပေးပြောကြားခဲ့သည်။

မြို့နယ်(ပြန်/ဆက်)