ဂန့်ဂေါ ဒီဇင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက် မဲရုံဖွင့်လှစ်ဆောင်ရွက်မည့် မြောက်ကုန်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) နှင့် ပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ယနေ့ညနေပိုင်းက ဂန့်ဂေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မဲရုံဖွင့်လှစ်မည့် အခြေခံပညာအလယ်တန်းကျောင်း (မြောက်ကုန်း) ရှိ စာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်တို့တွင် မီးဘေးလုံခြုံရေးပစ္စည်းများ ပြည့်စုံ ကောင်းမွန်မှု ရှိ/မရှိစစ်ဆေးခြင်း၊ မဲရုံအနီးပတ်ဝန်းကျင်ရှိ အုတ်ရေလှောင်ကန်များတွင် ရေဖြည့်တင်း ထားရှိမှုများ၊ မဲရုံများ မီးဘေးအန္တရာယ်၊ လျှပ်စစ်မီးမှတစ်ဆင့် မီးလောင်မှုများမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားပေါ်ပေါက်လာပါက အလျင်အမြန် တုံ့ပြန်ဆောင်ရွက်နိုင်မည့်နည်းလမ်းများကို အသိပညာပေးခြင်း၊ မဲရုံအနီးကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များ၊ ဈေးဆိုင်ခန်းများမှ ပေါ့ဆမှုကြောင့် မီးလန့်မှု၊ မီးလောင်မှု မဖြစ်ပွားစေရေးတို့အတွက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို အသိပညာပေးရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများကို ဂန့်ဂေါမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဝင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင် ဦးဆောင်သည့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအုပ်ဆရာမကြီး/ ဆရာမများနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မောင်မျိုးမင်း