သဲကုန်း ဒီဇင်ဘာ ၁၇
စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း အများဆုံးစိုက်ပျိုးသော နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၇)ခုတို့တွင် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများကို ထုတ်ပြန်ထားရှိပြီးဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ စိုက်ပျိုးရေးထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေးအတွက် သုံးစွဲခြင်းမပြုရန် တားမြစ်ထားသည့် ပိုးသတ်ဆေးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခြင်းကို ယမန်နေ့က မြို့နယ်အတွင်းရှိ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များတွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးယဥ်ထွေး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းနှင့် ကော်မတီဝင်များက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးပစ္စည်းအရောင်းဆိုင်များတွင် စပါး၊ မတ်ပဲနှင့် ပဲတီစိမ်း စိုက်ခင်းများတွင် အသုံးမပြုရန်တားမြစ်ထားသော တရားမဝင် ပိုးသတ်ဆေး (၂) မျိုးဖြစ်သည့် Thiamethoxam နှင့် Clothianidin တို့အား ဖြန့်ဖြူးခြင်း၊ ဆိုင်တင်ရောင်းချခြင်းများ လုံးဝမပြုလုပ်စေရန်၊ လိုက်နာခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိပါက ပိုးသတ်ဆေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစေရေးနှင့် ပြည်ပသို့တင်ပို့နေသော စိုက်ပျိုးရေးထုတ်ကုန်များ ပိုးသတ်ဆေး ဓာတ်ကြွင်းကင်းစင်စေရေးအတွက် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း အသိပေးဟောပြောခဲ့ကြောင်း သိရှိရသည်။
ကိုကျော် (သဲကုန်း)