သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တည်ဆောက်မည့် အထူးကြပ်မတ်ကုသဆောင် (ICU) မြေသန့် ပန္နက်တင်မင်္ဂလာ အခမ်းအနားပြုလုပ်

သထုံ  ဇန်နဝါရီ  ၁

မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်မည့် အထူးကြပ်မတ်ကုသဆောင် Intensive Care Unit (ICU) အဆောက်အဦ မြေသန့်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက် က ဆေးရုံကြီးရှေ့ရှိ အဆောက်အဦမြေနေရာ၌ ကျင်းပသည်။

ရှေးဦးစွာ သံဃာတော်များက အဆောက်အဦမြေနေရာ၌ မေတ္တာပို့ပရိတ်တရားတော်များ ရွတ်ဖတ်၍ မြေသန့်စင်ပေးကြသည်။ ယင်းနောက် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ကျင်းပရာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဇော်လင်းထွဋ် က အထူးကြပ်မတ်ကုသဆောင် တည်ဆောက်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မတည်အလှူရှင်ဖြစ်သူ ဒေါက်တာတင်ထွန်းဦး (စွယ်စုံမီဒီယာဂရု) က လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များ၊ အလှူရှင်များနှင့်တာဝန်ရှိသူတို့က မင်္ဂလာအချိန်၌ အဆောက်အဦ အား သတ်မှတ်နေရာအသီးသီးမှ ပန္နက်တိုင်စိုက်ထူပေးခဲ့ကြပြီး သထုံခရိုင်ပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သင်းသင်းအိ က သထုံခရိုင်အတွင်းရှိ ဒေသခံပြည်သူများအတွက် အထူးအထောက်အပံ့ဖြစ်သည့် ယခု အဆောက်အဦ ကို လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုစကား ပြောကြားခဲ့သည်။

အဆိုပါ အထူးကြပ်မတ်ကုသဆောင်မှာ ရန်ကုန်မြို့နေ ဒေါက်တာတင်ထွန်းဦး၊ ဒေါက်တာခင်မိုးမိုး(စွယ်စုံ မီဒီယာဂရု) မိသားစုနှင့် မောင်နှမများတို့က ငွေကျပ် သိန်းတစ်ထောင် မတည်လှုဒါန်းပြီး ၅၀ ပေ ပတ်လည် RC ကွန်ကရစ် နှစ်ထပ်အဆောက်အဦးဖြစ်သည်။

အပေါ်ထပ်တွင် COVID-19 ရောဂါ အပါအ၀င်အခြား နှလုံး၊ သွေးတိုး၊ ဆီးချို၊ ကျောက်ကပ်၊ ခွဲစိတ်လူနာများ အတွက် အထူးကြပ်မတ်ကုသမည့် အခန်းဖြစ်ပြီး အောက်ထပ်တွင် ကျောက်ကပ်သွေးသန့်စင်ခြင်းကို ဆောင်ရွက်ပေးမည် ဖြစ်ကာ ICU အခန်း၌ လိုအပ်သည့် Ventilators, Patient monitors, high flow oxygen therapy apparatus, X-Rays including pendants စသည့် ပစ္စည်းများကို ဘုရားငါးဆူ တောင်ပေါ် ကျောင်းတိုက် ဝေဘူကမ္မဋ္ဌာန်း ရိပ်သာဆရာတော် အရှင်စန္ဒိမာ၊ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် အလှူရှင်များ စုပေါင်းကာ ဆက်လက်လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သက်ဦး(သထုံ)