မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်အတွင်း မီးလောင်မှု(၂၁၃)ကြိမ်ဖြစ်ပွားကာ ကျပ်သန်း (၁၉၀)နီးပါးဆုံးရှုံး

မကွေး ဇန်နဝါရီ ၁

မကွေးတိုင်းဒေသကြီးတွင် ၂၀၂၀ ပြည့်နှစ်တွင်း ဒီဇင်ဘာ ၂၉ ရက်နေ့အထိ မီးလောင်ကျွမ်းမှု (၂၁၃)ကြိမ် ဖြစ်ပွားခဲ့ပြီး ကျပ်သန်း(၁၉၀)နီးပါး မီးလောင်ဆုံးရှုံးခဲ့ကြောင်း တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနက သိရသည်။

မီးလောင်ကျွမ်းမှုတွေကြောင့် အိမ်ခြေ(၂၆၈)လုံး၊ စက်ရုံအလုပ်ရုံ(၃)ခု မီးလောင်ဆုံးရှုံးခဲ့ပြီး လူ(၅)ဦး သေဆုံးကာ (၁၂)ဦး ဒဏ်ရာရရှိခဲ့တာပါ၊ အဲဒီလို မီးလောင်ကျွမ်းရတာဟာ မီးပေါ့ဆမှုကြောင့် ဖြစ်ပွားတာ အများဆုံးဖြစ်ပြီး၊ မီးလောင်မှုတွေ ကတော့ ပေါ့ဆမီး(၈၄)ကြိမ်၊ မီးဖိုမီး(၃၃)ကြိမ်၊ လျှပ်စစ်မီးအကြိမ် (၃၀)၊ မသမာသူရှို့မီး(၃၄)ကြိမ်၊ တောမီး(၂၉)ကြိမ်၊ အလိုအလျောက်မီး (၁)ကြိမ်နဲ့ မိုးကြိုးမီး(၂) ကြိမ်တို့ ဖြစ်ပါတယ်၊ ပြီးခဲ့တဲ့(၂၀၁၉)ခုနှစ်မှာ မီးလောင်ကျွမ်းမှု (၂၄၄)ကြိမ် ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ (၂၁၃) ကြိမ် ဖြစ်ပွားခဲ့တာပါ၊ အကြိမ်(၃၀)ကျော် လျော့ကျခဲ့တဲ့အတွက် ဆုံးရှုံးမှုတန်ဖိုးလည်း ကျပ်(၇၂.၃၄) သန်းထိ လျော့ကျခဲ့ပါတယ်၊ မီးလောင်ကျွမ်းမှု အကြိမ်တွေ၊ ဆုံးရှုံးမှုတန်ဖိုးတွေ လျှော့ကျတာက ကောင်းတဲ့ အလား အလာတွေပါ၊ ဌာနရဲ့ဖြစ်စေချင်တဲ့ဆန္ဒ ဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးလှိုင်က ပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း ခရိုင်(၅)ခရိုင်ဖြစ်သည့် မကွေးခရိုင်တွင်(၆၆)ကြိမ်၊ ပခုက္ကူခရိုင် မှာ(၇၆)ကြိမ်၊ သရက်ခရိုင်(၄၂)ကြိမ်၊ မင်းဘူးခရိုင်တွင်(၂၄)ကြိမ်နှင့်် ဂန်ဂေါခရိုင်မှာ(၅)ကြိမ် မီးလောင် ကျွမ်းခဲ့ပြီး ပခုက္ကူခရိုင်တွင် အများဆုံးလောင်ကျွမ်းခဲ့ကြောင်းနှင့် မကွေးတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် (၁၀)နှစ်တာ ကာလအတွင်း မီးလောင်ကျွမ်းမှု(၁၅၄၂)ကြိမ် ဖြစ်ပွားခဲ့ပြီး နေအိမ်(၃၉၉၃)လုံး ၊ ဂိုဒေါင် (၃၃)လုံး မီးလောင်ကျွမ်းကာ သေဆုံးသူ (၆၂)ဦးနှင့် ဒဏ်ရာရသူ(၁၄၁)ဦး ရှိခဲ့ကြောင်း တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက မှတ်တမ်းများအရ သိရသည်။

မကွေးမြို့တွင် မီးလောင်မှုဆိုင်ရာအခြေအနေများကို ၂၄ နာရီစောင့်ကြည့်မည့် Command and Control စင်တာတစ်ခု လုပ်ဆောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်လျက်ရှိပြီး၊ အဆိုပါ လုပ်ငန်းစဉ်တွင် e-Watching Tower System ဖြစ်သည့် မြို့၏ အထပ်မြင့် အဆောက်အဦပေါ်မှ Longe Range CCTV ကင်မရာများ တပ်ဆင်စောင့်ကြည့်ခြင်း၊ Vehicle Tracking System မီးသတ်ယာဉ် များတွင် တပ်ဆင်ထားသော IP ကင်မရာများမှတစ်ဆင့် မီးသတ်ယာဉ်၏ အမြန်နှုန်း၊ တည်နေရာများ ကို ကြီးကြပ်ကွပ်ကဲခြင်း၊ မီးသတ်ယာဉ်များရှိ  IP Camera System  များမှ တစ်ဆင့် မီးလောင်မှုကို တိုက်ရိုက်ကြည့်ရှုကွပ်ကဲခြင်း၊ 4G LTE စနစ်သုံး စကားပြောစက်များဖြင့် မည်သည့်နေရာမဆို ဆက်သွယ်မှုရယူ၍ ကြီးကြပ်ကွပ်ကဲခြင်း၊ မီးသတ်ဦးစီးဌာန၏ ရုံးလုပ်ငန်းများကို Digital စနစ်ဖြင့် လုပ်ဆောင်ခြင်း စသည့်စနစ်များ ပါဝင်ကြောင်း သိရသည်။                 

သန်းနိုင်ဦး(ငဖဲ)