စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)၌ စိုက်ပျိုးရေးဒီပလိုမာနှင့် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ် အပ်နှင်း

ဘားအံ ဒီဇင်ဘာ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းလေ့ကျင့်ရေး သင်တန်းကျောင်းနှင့် စိုက်ပျိုးရေးသိပ္ပံဌာနခွဲ စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ (ဘားအံ) ၏ အဋ္ဌမအကြိမ် စိုက်ပျိုးရေးဒီပလိုမာနှင့်ပထမအကြိမ် မွေးမြူရေးဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲအခမ်းအနားကို ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)ကို ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့ထိ စိုက်ပျိုးရေးဒီပလိုမာလက်မှတ်ရ ကျောင်းသား၊ ကျောင်းသူ (၄၂၇) ဦးနှင့် မွေးမြူရေးဒီပလိုမာလက်မှတ်ရ ကျောင်းသူ (၁) ဦးကို စိုက်ပျိုးမွေးမြူရေးနယ်ပယ်အတွက် အင်အားသစ်များ မွေးထုတ်ပေးနိုင်ခဲ့ပြီး ဒီပလိုမာအပ်နှင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက မောင်တို့မယ်တို့အနေဖြင့် ဒီပလိုမာနှင့် ရောင့်ရဲမနေဘဲ B.Ag, M.Phill, M.Ag.Sc နှင့် Ph.D ဘွဲ့များရရှိအောင် ကြိုးစားကြစေလိုပြီး သင်ယူတတ်မြောက်ခဲ့သော စိုက်ပျိုးရေး (သို့မဟုတ်) မွေးမြူရေးပညာဖြင့် မြန်မာနိုင်ငံတွင် လိုအပ်လျက်ရှိသော ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ဘဝကို မြှင့်တင်နိုင်အောင် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းအုပ်ကြီး ဦးထွန်းထွန်းလင်းက လိုအပ်သည့်ကတိခံဝန်ချက်များရယူကာ အလယ်အလတ်အဆင့် စိုက်ပျိုးရေးပညာရှင်လက်မှတ် စိုက်ပျိုးရေးဒီပလိုမာ ပွဲတက်ရယူသူ ၅၅ ဦးနှင့် အဝေးရောက်ဒီပလိုမာရယူသူ ၈ ဦး၊ အဝေးရောက်မွေးမြူရေးဒီပလိုမာအောင်လက်မှတ်ရယူသူ (၁) ဦး စုစုပေါင်း ၆၄ ဦးကို စဒီပလိုမာအောင်လက်မှတ် အပ်နှင်းပြီး အပ်နှင်းပြီးသောဒီပလိုမာစာရင်းကို ကျောင်းအုပ်ကြီးက လက်မှတ်ရေးထိုးသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်မှနောက်ဆုံးနှစ်ထိ (၃) နှစ်ဆက်တိုက်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ကျောင်းအုပ်ကြီးက ဒီပလိုမာအပ်နှင်းသဘင်မိန့်ခွန်း မြွတ်ကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ဒီပလိုမာအောင်လက်မှတ်ရယူသူများနှင့် ၎င်းတို့၏ မိဘ၊ ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားခြင်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဂုဏ်ပြုအားပေးစကားများ ပြောကြားကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)