ပွင့်ဖြူ ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒေသတွင်း ရာသီဥတု ဂေဟစနစ်များ ကောင်းမွန်စေရန်နှင့် ဒေသခံပြည်သူများအတွက် ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ကောင်း ဖန်တီးပေးနိုင်ရန်အတွက် ရည်ရွယ်ကျင်းပသည့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ယနေ့နံနက်ပိုင်းက လယ်ကိုင်းကျေးရွာအုပ်စု၊ လှည်းကြီးကျေးရွာဓမ္မာရုံ၌ ကျင်းပသည်။
ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က မီးခိုးမြူငွေ့အန္တရာယ်နှင့်ပတ်သက်၍ ကြုံတွေ့ရမည့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေး စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှုဆိုင်ရာ သိကောင်းစရာများ၊ ကျေးရွာဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ရန်အချက်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ လိုက်နာရမည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဥပဒေ၊ နည်းဥပဒေများအကြောင်းကို ဆွေးနွေးဟောပြောသည်။
ထို့နောက်တက်ရောက်လာသည့် ကျေးရွာနေပြည်သူများက ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကို လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)