မြဝတီ ဒီဇင်ဘာ ၁၇
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့ ကျေးရွာအုပ်စု ရှိတောင်သူများကို ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူခြင်းနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦး၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေနှင့်ဖလူး၊ မဲ့ထော်သလေး၊ သင်္ဃန်းညီနောင်၊ မဲကနယ်ကျေးရွာအုပ်စုများရှိ တောင်သူများတက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစံအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဦးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီဌာန၊ ဦးစီးအရာရှိ ဦးသန်းရွှေတို့က ပန်းတိုင်အထွက်နှူန်း သတ်မှတ်ထားသည့် နွေစပါး၊ မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ဝါ၊ ကြံစသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဥ်း၍ သတ်မှတ်ထားသည့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ဆောင်ရွက်ရမည့်အချက်များကိုလည်းကောင်း၊ ပန်းတိုင်အထွက်နှုန်း မပြည့်မီရခြင်းအချက်များနှင့် ကျေးရွာများ၌ နှစ်ရှည်ပင်များစိုက်ပျိုးဖြစ်ထွန်းစေရန် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များကိုလည်းကောင်း ဆွေးနွေးပြောကြားခဲ့ရာ တက်ရောက်လာကြသည့် တောင်သူများက စိုက်ပျိုးသီးနှံများ ပန်းတိုင်ပြည့်မီရေးအတွက် စိုက်ပျိုးထားရှိသည့် သီနှံ(၁၀)မျိုး ၏ အခြေအနေများ၊ အားသာချက်၊ အားနည်းချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာတာဝန်ကျ ကွင်းဝန်ထမ်းများက တက်ရောက်လာကြသည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဥ်း၍ စစ်တမ်းကောက်ယူဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး၌စိုက်ပျိုး ဖြစ်ထွန်းသည့် နေကြာပင်၊ ကော်ဖီပင်၊ ချောကလက်ပင် စသည့် နှစ်ရှည်ပင်များနှင့်ပျိုးပင်များကို တာဝန်ရှိသူများနှင့် တောင်သူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)