ကျွန်းလှ ဒီဇင်ဘာ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရှမ်းစုကျေးရွာ၌ စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြသော်လည်း တစ်ဖက်တလမ်းက မိသားစုဝင်ငွေရရှိစေရန် အိုးလုပ်ငန်းစတင်လုပ်ကိုင်နေကြပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကျေးရွာမှာ စိုက်ပျိုးရေးလုပ်ငန်းအပြင် အိုးလုပ်ငန်းကို မိဘများလက်ထက်က လက်ဆင့်ကမ်းလုပ်ကိုင်ကြပါတယ်။ အိုးလုပ်ရာမှာ အဓိကကုန်ကြမ်းဖြစ်တဲ့ ရွံ့မြေနဲ့ သဲကို ဒေသတွင်းကရရှိပြီး ကြိုတင်စုဆောင်းထားရပါတယ်။ အိုးတစ်လုံးဖြစ်ဖို့ ရွံ့မြေနဲ့ သဲကို အချိုးကျရောစပ်ပြီး ရေစိမ်ထားရပါတယ်။ ရေစီမ်ထားတဲ့မြေကိုနင်း၊ ပုံလောင်း၊ ထုတ်နဲ့သုံးဆင့်ရိုက် နေလှန်းပြီး မီးဖုတ်ရပါတယ်” ဟု အိုးလုပ်ငန်းလုပ်ကိုင်သူ ဦးချိုလေးက ပြောသည်။
အဆိုပါ အိုးလုပ်ငန်းအဖြစ် သောက်ရေအိုး၊ ပန်းအိုး၊ ပေါင်းအိုး၊ မီးသတ်အိုး၊ ဆီမီးခွက်များ လုပ်ကိုင်ကြကြောင်း၊ သောက်ရေအိုး အဓိကလုပ်ကိုင်ပြီး တစ်နေ့အလုံး ၃၀ ခန့်ပြီးစီးကြောင်း၊ ယခင်နှစ်က အိုးတစ်လုံးငွေကျပ် ၂၅၀၀ ရောင်းရပြီး ယခုနှစ် ငွေကျပ် ၃၅၀၀ ရောင်းရကြောင်း၊ ပြုလုပ်ပြီးအိုးများကို ကျွန်းလှမြို့နယ်နှင့် ကန့်ဘလူမြို့နယ် ရပ်ကွက်၊ ကျေးရွာများသို့ ရောင်းချကြောင်း သိရသည်။
မျိုးဝင်းညို(ပြန်/ဆက်)