ကန့်ဘလူမြို့နယ်၌ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကျင်းပ

ကန့်ဘလူ ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ်မကျော်သော မိန်းကလေးများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်း အသိပေးဆွေးနွေးပွဲကို ဒီဇင်ဘာ ၁၆ ရက်နံနက် ၉ နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ခုတင် ၁၀၀ ဆံ့ဆေးရုံအုပ် ဒေါက်တာ ကျော်ကျော်ဇင်က သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးလုပ်ငန်း ရည်မှန်းချက်များ၊ ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုးနှံပေးမည့် အသက်သတ်မှတ်ချက်များ၊ ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်၊ မြို့နယ်ကျန်းမာရေးမှူး(HA)ဦးဝင်းဌေးက ကာကွယ်ဆေးထိုးနှံပေးမည့် အစီအစဥ်များကိုရှင်းလင်း ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုလှိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ခိုင်ဦး၊ မြို့နယ်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်ပညာ ရေးမှူးနှင့်ကျောင်းအုပ်ကြီးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ခုတင် ၁၀၀ ဆံ့ ဆေးရုံအုပ် ဒေါက်တာကျော်ကျော်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)