မုဒုံ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရေရှည်တည်တံ့သော မြန်မာ့သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်ခြင်းလမ်းညွှန်ချက် စံချိန်စံညွှန်း အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ (မုဒုံ) ရှိ အစည်းအဝေးခန်းမဆောင်၌ ပြုလုပ်သည်။
ဦးစွာ နှစ်ရှည်ပင်များသုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးဌာန (မော်လမြိုင်) ဒုတိယညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းတင့်က အဖွင့်အမှာစကားပြောကြားပြီး နှစ်ရှည်သီးနှံဌာနခွဲ (ရုံးချုပ်) နေပြည်တော်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးမြင့်က ရည်ရွယ်ချက်များကိုပြောကြားသည်။ ထို့နောက် မြန်မာ့သဘာဝရော်ဘာ ရေရှည်တည်တံ့မှု ဖော်ဆောင်ရေးအသင်းဥက္ကဋ္ဌ ဒေါက်တာယုစိန်က ရေရှည်တည်တံ့သော သဘာဝရော်ဘာ စိုက်ပျိုးထုတ်လုပ်မှုနှင့်သက်ဆိုင်သည့် အသိအမှတ်ပြုလက်မှတ်ရရှိရေးဆိုင်ရာများ၊ တာဝန်ရှိသူများက မြေယာအသုံးချမှုမှန်ကန်ရေးကဏ္ဍ၊ ရော်ဘာစိုက်ပျိုးရေး ထုတ်လုပ်မှုမြင့်မားစေရေးကဏ္ဍ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုနှင့် ရော်ဘာခြံငယ်များ၏ လူမှုဖူလုံရေးကဏ္ဍ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းခြင်း ကဏ္ဍအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် မွန်၊ ကရင်ပြည်နယ်များမှ ရော်ဘာလုပ်ငန်းရှင်များ၊ ရော်ဘာအဝယ်ဒိုင်များ၊ ရော်ဘာတင်ပို့သည့်ကုမ္ပဏီများနှင့် ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူခြံရှင်များက သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)