ချောင်းဆုံမြို့နယ်၌ သီးနှံ(၁၀)မျိုး ပန်းတိုင် အထွက်နှုန်းရရှိရေး ကွင်းဆင်းဆောင်ရွက်

ချောင်းဆုံ ဒီဇင်ဘာ ၁၇

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ ရာသီအလိုက် သီးနှံမျိုးစုံစိုက်ပျိုးကြသည့် တောင်သူများ မိမိတို့စိုက်ပျိုးသည့် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်အတွက် မွန်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှဦးဆောင်၍ ဒီဇင်ဘာ (၁၆) ရက်နေ့က မြို့နယ်အတွင်းရှိ ကျေးရွာစုရပ်များတွင် တောင်သူများအား သီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး လိုအပ်သည်များကို ကွင်းဆင်းစစ်တမ်းကောက်ယူခဲ့ကြကြောင်း သိရသည်။

အဆိုပါ စစ်တမ်းကောက်ယူခြင်းကို မွန်ပြည်နယ် စိုက်ပျိုးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်ကျော်လှိုင်ဦးဆောင်၍ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများမှ မြို့နယ်အတွင်းရှိ မိုးစပါး၊နေကြာ၊နှမ်း၊မြေပဲ၊ပဲတီစိမ်းနှင့် မတ်ပဲစိုက်ပျိုးသည့် တောင်သူ (၇၀၀) ဦးတို့၏ မျိုးကောင်းမျိုးသန့်များ ရရှိမှုအခြေအနေ၊ မြေပြုပြင်မှုအခြေအနေ၊ မြေဩဇာအသုံးပြုမှု အခြေအနေ၊ စိုက်ပျိုးရေရရှိမှုအခြေအနေနှင့် စိုက်ပျိုးရေးလုပ်သားရရှိမှုအခြေအနေတို့အား စစ်တမ်းကောက်ယူခဲ့ကြသည်။

မြို့နယ်အတွင်း လာမည်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် နွေးစပါး(၁၂၄)ဧက၊ နေကြာ (၃၅၂၀) ဧက၊ မြေပဲ (၁၁၉) ဧက၊ နှမ်း (၂၅) ဧက၊ မတ်ပဲ(၃၇၂၀)ဧက၊ ပဲတီစိမ်း (၁၄၅၀) ဧက၊ ပဲလွန်း(၂၁)ဧက၊ဘိုကိတ်(၇၅)ဧက၊ပဲပုတ်(၅)ဧက နှင့် ပိုက်ဆံလျှော် (၂၀)ဧက စုစုပေါင်း (၉၀၇၉) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးနှင့် သီးနှံအထွက်တိုး အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သည့်မျိုးစေ့၊ စိုက်ပျိုးရေးနည်းပညာနှင့် အထောက်အပံ့များကို တာဝန်ရှိသူများမှ ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (ချောင်းဆုံ)