ကြို့ပင်ကောက်မြို့၌ မဲရုံများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ကြို့ပင်ကောက်  ဒီဇင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မဲရုံများမီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မဲရုံအဖြစ်လျာထားသော ကျောင်းနှင့်အခြားအဆောက်အဦးများအား ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးမှူးနှင့် တာဝန်ရှိသူများက ဒီဇင်ဘာလ ၁၅ ရက်နေ့က ဆောင်ရွက်သည်။

ကြို့ပင်ကောက်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းနိုင် ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မဲရုံအဖြစ်အသုံးပြုရန်လျားထားသော အခြေခံပညာကျောင်းများနှင့် အခြားအဆောက်အဦးများအား ကွင်းဆင်းကြည့်ရှုပြီး မဲရုံပတ်ဝန်းကျင်နှင့်မဲရုံပြုလုပ်မည့်နေရာများ၌ မီးငြှိမ်းသတ်ရေးပစ္စည်းနှင့် မီးသတ်ဆေးဘူးများထားရှိမှုနှင့် ကောင်းမွန်ခြင်းရှိ/မရှိ၊ လျှပ်စစ်မီးသွယ်တန်းထားရှိမှုအခြေအနေများ၊ မီးသတ်ရေကန်များအတွင်း ရေဖြည့်တင်းထားမှုရှိ/မရှိတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မီးဘေးအန္တရာယ်များကင်းရှင်းစေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်အချက်များ၊ လိုက်နာရမည့်အချက်များအား ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် တာဝန်ရှိသူများအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ပြန်ဆက်)