ဘားအံ ဒီဇင်ဘာ ၁၇
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် ကျရောက်မည့် ကရင်သက္ကရာဇ် (၂၇၆၅) ခုနှစ် ကရင်အမျိုးသားနှစ်သစ် ကူးနေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ သံလွင်မြစ်ကမ်းနားလမ်း ညမုန့်ဈေးတန်းနေရာ၌ ကျင်းပရာ ဘားအံမြို့နယ် တိုက်နယ်များနှင့်မြို့နယ်များမှ လှေလှော်အသင်း ၁၂ သင်း ပြိုင်ပွဲဝင်အားကစားသမားပေါင်း ၄၉၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါ ရိုးရာလှေလှော်ပြိုင်ပွဲကို အမျိုးသား/အမျိုးသမီး (၅) တက်လှော်ပြိုင်ပွဲ၊ (၇) တက်လှော်ပြိုင်ပွဲနှင့် (၂၀) တက် လှော်ပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား (၃) မျိုးခွဲကျင်းပသွားမည်ဖြစ်ပြီး ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်အတွင်း အားကစားပြိုင်ပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိပြီး ထိုသို့ကျင်းပပေးခြင်းအားဖြင့် ပြိုင်ပွဲအတွေ့အကြုံများရင့်ကျက်၍ နည်းစနစ်ပိုင်း၊ နည်းပရိယာယ်ပိုင်း၊ ကျွမ်းကျင်မှုတိုးတက်မြင့်မားလာပြီး ကျန်းမာကြံ့ခိုင်သန်စွမ်းမှုများ ရရှိကာ ထိုမှတစ်ဆင့် မြို့နယ်၊ ပြည်နယ်၊ နိုင်ငံ့ကိုယ်စားပြုထူးချွန်ထက်မြတ်သော အားကစားသမားများ ပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းဘောင်အတွင်းမှနေ၍ မိမိတို့ကိုယ်စားပြုအသင်းများအနိုင်ရရှိအောင် အားကြိုး မာန်တက် ကြိုးစားယှဉ်ပြိုင် ကစားကြစေလိုကြောင်း ပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ပြိုင်ပွဲဝင်လှေလှော်အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ပြိုင်ပွဲဝင်လှေလှော်အသင်းတစ်သင်းလျှင် ငွေကျပ်သိန်း (၃၀) စီကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် သံလွင်မြစ်အတွင်း အမျိုးသား/အမျိုးသမီး (၅) တက်လှော်နှင့် (၇) တက်လှော်ပြိုင်ပွဲများကို စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အားကစား ဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါလှေလှော်ပြိုင်ပွဲကို ဒီဇင်ဘာလ ၁၇ ရက်နေ့မှ ၁၉ ရက်နေ့ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကာ အနိုင်ရဗိုလ်စွဲသော အသင်းများအား ထိုက်ထိုက် တန်တန် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)