ရန်ကုန် ဒီဇင်ဘာ ၁၈
မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုအရ မျိုးကောင်းမျိုးသန့် DYL ဝက်မျိုးများကို ဒီဇင်ဘာ ၁၆ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကိုကိုးကျွန်းမြို့နယ်ရှိ မွေးမြူသူများထံ ပေးအပ်သည်။
ကိုကိုးကျွန်းမြို့နယ် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် မွေးမြူသူများထံသို့ပေးအပ်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမင်းသိမ်းမော်က မျိုးကောင်းမျိုးသန့် DYL ဝက်မျိုး အထီး(၁)ကောင်နှင့် အမ(၉)ကောင် စုစုပေါင်း(၁၀)ကောင်အား ပေးအပ်ရာ ကိုကိုးကျွန်းမြိုနယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီစောက လက်ခံရယူသည်။
ဆက်လက်၍ တာဝန်ရှိသူများက မွေးမြူသူများထံ DYL ဝက်မျိုးများ၊ တိရစ္ဆာန်အစာ မြက်မျိုးများနှင့် မွေးမြူရေးလက်ကမ်းစာစောင်များကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။ ထို့နောက် ကိုကိုးကျွန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ခန်းမတွင် မွေးမြူရေးနည်းပညာဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပြီး မွေးမြူရေးစိတ်ဝင်စားသူ(၁၂၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် ဆက်လက်၍ မွေးမြူရေးနှင့်ပတ်သက်သည့် ပညာပေးသင်တန်းများ ရောဂါကာကွယ်ထိန်းချုပ်ရေးသင်တန်းများကိုလည်း စာတွေ့၊ လက်တွေ့ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)