မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ဌာနဆိုင်ရာဝန်ထမ်းများ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course(၂ /၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားသို့ တက်ရောက်

မကွေး ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး ဌာနဆိုင်ရာဝန်ထမ်းများ၏ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course (၂/၂၀၂၅)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းပို့ချသည့် ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဒီတစ်ပတ်သင်တန်းဟာ Advanced Course ဖြစ်တဲ့အားလျော်စွာ သင်ကြားတဲ့ဘာသာရပ်တွေဟာ အခြေခံထက်တစ်ဆင့်မြင့်တဲ့ Online Collaboration ကို ဦးတည်သင်ကြားပေးခဲ့တာလည်းဖြစ်ပါကြောင်း၊ တစ်ဖက်ကကြည့်ရင် တစ်ဆင့်မြင့်နည်းပညာရပ်တွေကို တတ်မြောက်ထားခြင်းဟာ မိမိလုပ်ငန်းခွင်အတွက် ပိုမိုမြန်ဆန်ပြီး လုပ်ငန်းတွင်ကျယ်လာသလို တစ်ဖက်မှာလည်း ကွန်ယက်စနစ်ကို အသုံးပြုရတာဖြစ်တဲ့အတွက် မိမိလုပ်ငန်းတွေဟာ အရေးကြီးရင်ကြီးသလို လုံခြုံမှုရှိဖို့ဟာလည်း အလွန်အရေးကြီးတာကြောင့် Cyber Securityနဲ့ ပတ်သက်တဲ့ Knowledge တွေနဲ့ ဆောင်ရွက်ရမယ့် အစီအမံများကိုလည်း လိုက်နာဖို့လိုအပ်မှာဖြစ်ကြောင်း၊ ရုံးလုပ်ငန်းသုံး ကွန်ပျူတာတွေရဲ့လည်ပတ်မှုစနစ် Operation System တွေလို Update လုပ်ဖို့၊ Antivirus စနစ်တွေကို Update လုပ်ဖို့၊ အင်တာနက်နဲ့ ချိတ်ဆက်ရန် မလိုအပ်တဲ့စက်ပစ္စည်းတွေ ကွန်ပျူတာတွေကို သတ်သတ်မှတ်မှတ် သီးခြားထားရှိဖို့၊ အရေးကြီးအချက်အလက်များ သိမ်းဆည်းရာမှာလည်း ဝှက်စာသွင်းစနစ်၊ Passwordများဖြင့် အသုံးပြုသိမ်းဆည်းဖို့၊ e-mail များဖြင့် ရုံးလုပ်ငန်းများ ပေးပို့ဆောင်ရွက်ကြရာတွင်လည်း 2 Steps Verification ကို အသုံးပြုကြဖို့နဲ့ အရေးကြီး အချက်အလက်များကို ပုံမှန် Backup ပြုလုပ်သိမ်းဆည်းထားကြဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြဖို့ ပြောကြားလိုပါကြောင်း၊ ယနေ့ဖွင့်လှစ်ပေးခဲ့တဲ့ ကွန်ပျူတာကျွမ်းကျင်မှု Advanced Course (၂/၂၀၂၅) သင်တန်းကို တက်ရောက်ခဲ့ကြတဲ့ သင်တန်းသား၊ သင်တန်းသူများ သင်ယူရသည့် အတတ်ပညာများကို လုပ်ငန်းခွင်မှာ တိုက်ရိုက်အသုံးချနိုင်ဖို့နဲ့ မိမိကိုယ်တိုင် ကောင်းမွန်သော အနာဂတ်အတွက် ခိုင်မာတဲ့အခြေခံတစ်ခုအဖြစ် ဖော်ဆောင်နိုင်ကြမယ်လို့လည်း မျှော်လင့်ပါကြောင်းနှင့် ဒီပညာရပ်တွေနဲ့ မိမိတို့ရဲ့ရုံးလုပ်ငန်းတွေကို အချိန်မီပြီးစီးဖို့၊ တိကျမှန်ကန်ဖို့အပြင် ရုံးပိုင်းဆိုင်ရာလျှို့ဝှက်သင့်သည့် ကိစ္စရပ်များအပေါ်တွင်လည်း ဂရုတစိုက်နဲ့ အရေးကြီးသတင်းအချက်အလက်များ ပြင်ပသို့မကျိုးပေါက်စေရေး ဝန်ထမ်းများရဲ့ အားနည်းချက်ကြောင့် မကျိုးပေါက်ရေးသည် သစ္စာရှိမှုအပေါ်မှာ မူတည်ပြီး နည်းပညာရပ်ကြောင့်လည်း မကျိုးပေါက်စေရေး ညွှန်ကြားချက်များအတိုင်း အလေးထားလိုက်နာဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းတွင် ထူးချွန်ဆုရရှိသူများအား ဆုချီးမြှင့်ခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များအား တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးက ချီးမြှင့်ပေးအပ်ကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက သင်ကြားပေးသည့် သင်တန်းဆရာမများအား ဂုဏ်ပြုဆု‌ငွေများကို ချီးမြှင့်ပေးခဲ့သည်။

အဆိုပါ သင်တန်းကို(၅-၁၂-၂၀၂၅) ရက်နေ့မှ (၁၇-၁၂-၂၀၂၅) ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းသင်တန်းသား/ သင်တန်းသူ(၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)