သဲကုန်း​မြို့နယ် မူလတန်းကြိုကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

သဲကုန်း ဒီဇင်ဘာ ၁၈

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းကာယစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါမူကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သဲကုန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာ​ကြီး ဒေါ်မေဇင်ထွန်းနှင့် ဝန်ထမ်းများ၊ မိဘဆရာအသင်းဝင်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့​​ကြသည်။

ရှေးဦးစွာ သဲကုန်းမူလတန်းကြိုကျောင်းမှ ကျောင်းအုပ်ဆရာ​ကြီး ဒေါ်မေဇင်ထွန်းက ရင်သွေးငယ်များ ကာယ ဉာဏနှင့် စာရိတ္တပိုင်းဆိုင်ရာဖွံ့ဖြိုးစေရန်၊ အသက်အရွယ်အလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ အုပ်စုဖွဲ့၍ အတူလုပ်ကိုင်ခြင်းဖြင့် စိတ်ပျော်ရွှင်မှုရရှိစေရန်၊ မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်၊ မိဘဆရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရင်သွေးငယ်များအား နည်းလမ်းမှန်စွာ ပြုစုစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သဲကုန်းမူလတန်းကြိုကျောင်းမှ သားငယ်/သမီးငယ်လေးများ၏ ရေဘူးဖြည့်ပြိုင်ပွဲ၊ ကြိုးသီပြိုင်ပွဲ၊ ပူဖောင်းဖောက်ပြိုင်ပွဲ၊ ခေါင်းအုံးစွပ်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖိနပ်စီးပြိုင်ပွဲ၊ ခုံလုပြိုင်ပွဲများကိုကျင်းပခဲ့ပြီး ဆုရရှိသည့် သားငယ်/သမီးငယ်လေးများနှင့် ပြိုင်ပွဲများတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသော သားငယ်/ သမီးငယ်လေးများအား တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုများအပါအဝင် ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးသူနှင့် ဝန်ထမ်းများက “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှု လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)