ပေါက်ခေါင်း ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့ ပူးပေါင်းပြီး စာရေးဆရာ ညီညီဈာန်ရေးသားသော “ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း”စာအုပ်ဖြင့် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကိုပြောကြားကာ စာရေးဆရာ ညီညီဈာန်ရေးသားသော "ပျော်ရွှင်မှုကိုတည်ဆောက်ခြင်း" စာအုပ်မှ "လူတိုင်းအတွက် နတ်ဆေးတစ်ပါး" ခေါင်းစဥ်ဖြင့် စတင်ဆွေးနွေးခဲ့ပြီး (Book Club)အဖွဲ့ဝင်များဖြစ်ကြသော စာပေဝါသနာရှင် ဦးတင်ဝင်းနှင့် ဦးစိုးနိုင်တို့က "နေ့ရက်တိုင်းကို ဂရုစိုက်ပါ"၊ "စာဖတ်ခြင်းဖြင့် ပျော်ရွှင်ပါစေ" စသည့် ခေါင်းစဥ်ခွဲများကို အသီးသီးဖတ်ကြားဆွေးနွေးခဲ့ရာ (Youth Club) အဖွဲ့ဝင်များ၊ စာပေချစ်သူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲများကို စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club၊ ဝါသနာတူ လူငယ်များအသင်း (Youth Club)တို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လစဥ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)